စမောလင်းကတော့ မန်ချက်စတာယူနိုက်တက်မှာ ၉နှစ်တာ ကျင်လည်ခဲ့ပြီးနောက် မနှစ်က နည်းပြ ဆိုးလ်ရှား လက်ထက်မှာ ဦးစားပေးခံရမှု နည်းပါးလာခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း နောက်ခံလူ ခရစ္စ စမောလင်းကတော့ အီတလီစီးရီးအေ ကလပ် ရိုးမား အသင်းထံ တစ်ရာသီအငှားနဲ့ ရောက်ရှိသွားခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
တစ်နှစ်စာ အငှားအတွက် ရိုးမားအသင်းက ယူရို ၃ သန်း ပေးချေခဲ့ရတယ်လို့သိရပြီး စမောလင်းကတော့ ရိုးမားမှာ ကျောနံပါတ် ၆ ဂျာစီကိုဝတ်ဆင်ကစားပါမယ်။

“ ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခုပါပဲ၊ လိဂ်သစ်တစ်ခုမှာ အတွေ့အကြုံသစ်တွေရနိုင်ပါတယ်၊ကျွန်တော်လိုအပ် တဲ့ စိတ်ဓာတ်ခွန်အားတွေကို ဒီအသင်းကြီးက ပေးစွမ်းနိုင်မှာပါ။အသင်းဖော်သစ်တွေနဲ့ လက်တွဲချင်လှပါပြီ၊ ဒီမြေပြင်မှာ ကျွန်တော် စွမ်းဆောင်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ စမောလင်းက ရိုးမားအသင်း တရားဝင် ဝက်ဘ်ဆိုဒ်ကို ပြောခဲ့ပါတယ်။
စမောလင်းကို အငှားချတာနဲ့ ပတ်သက်ပြီး ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက - “ အခုလက်ရှိမှာ ကျွန်တော်တို့ ဆီမှာ နောက်ခံလူ ၆ ဦးလောက်ရှိနေပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့မှာ ကစားသမားအချို့ကိုတော့ ထွက်ခွာခွင့်ပြုရတာပါ။” လို့ ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောထားခဲ့ပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားက စမောလင်းအနေနဲ့ အင်္ဂလန် ကစားသမား အများအပြားမရှိတဲ့ အီတလီ စီးရီးအေမှာ ပျော်ရွှင်နိုင်မယ့်အပြင် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ ယူနိုက်တက်ထံ ပြန်လာမယ်လို့ ယုံကြည်ထားတဲ့အကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။