ထိုင်းမှာ တရားသူကြီးတစ်ဦးက တရားရုံးအတွင်း နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ဝေဖန်ပြစ်တင်ပြောကြားခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခဲ့ပါတယ်။

(တရားသူကြီး Kanakorn Pianchana) (Photo: Daily Mail)
အဆိုပါ တရားသူကြီးက တရားစီရင်ရေးစနစ်ကို ဝေဖန်ပြစ်တင်ထားတဲ့ ၎င်းရဲ့ပြောကြားမှုကို Facebook Live မှာ တိုက်ရိုက် အသံလွှင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ တရားရုံးတွေဟာ လူချမ်းသာတွေနဲ့ အာဏာရှိသူတွေကို မျက်နှာပေး ဆုံးဖြတ်စီရင်ပြီး သာမန်လူတွေကိုတော့ သေးငယ်တဲ့ ပြစ်မှုများကိုပင် ပြင်းထန်တဲ့ပြစ်ဒဏ်များ ချမှတ်လေ့ရှိကြောင်း ဝေဖန်သူတွေက ပြောပါတယ်။ ပုန်ကန်ထကြွမှုတွေနဲ့ မတည်မငြိမ်ဖြစ်နေခဲ့တဲ့ ထိုင်းတောင်ပိုင်းရှိ Yala မြို့ တရားရုံးမှာ အောက်တိုဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းက ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
(Yala တရားရုံံး) (Photo: Google/Daily Mail)
အဆိုပါ တရားရုံးမှာ တရားသူကြီး Kanakorn Pianchana က သေနတ်ဖြင့်ကျူးလွန်တဲ့ လူသတ်မှုတစ်ခုမှ သံသယရှိသူ မွတ်စလင်မ်အမျိုးသား ငါးဦးကို တရားသေလွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ဝေဖန်ပြစ်တင်ကာ ပစ္စတိုကိုဆွဲထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ရင်ဘတ်နေရာကို ပစ်ခတ်ခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
တရားရုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခဲ့တဲ့ တရားသူကြီးဟာ အသက်မသေခဲ့ဘဲ ဆေးရုံသို့အလျင်အမြန် ပို့ဆောင်ခဲ့ရာ လက်ရှိမှာ ဒဏ်ရာသက်သာလာပြီ ဖြစ်ပါတယ်။ အဆိုပါ တရားသူကြီးက ရေးသားထုတ်ပြန်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ထုတ်ပြန်ချက်တစ်ခုအရ ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ကြိုးပမ်းခဲ့မှုဟာ သံသယရှိသူတွေကို တရားသေလွှတ်ပေးလိုက်တဲ့ အမှုကိစ္စမှာ တရားမဝင် စွက်ဖက်ခံရမှုနဲ့ ဆက်နွယ်နေနိုင်တယ်လို့ ဆိုပါတယ်။
(Photo: South West Regional Organised Crime Unit/PA)
(Map: BBC)
ထို့နောက် Facebook Live ထုတ်လွှင့်မှုဟာ ပြတ်တောက်သွားခဲ့ပါတယ်။ သို့သော် Kanakorn Pianchana က တရားသူကြီးတစ်ဦး ကျိန်ဆိုရတဲ့ ကျမ်းသစ္စာပြုမှုကို ထိုင်းဘုရင်ဟောင်းရဲ့ ရုပ်ပုံရှေ့မှာ ရွတ်ဖတ်ခဲ့ပြီးနောက် ပစ္စတိုသေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်ပစ်ခဲ့ကြောင်း သိရပါတယ်။