စံနှုန်းနှစ်ရပ်နဲ့ငြိစွန်းတဲ့ ဒစ်ဂျစ်တယ်ကုမ္ပဏီတွေကို အခွန်ကောက်မှာပါ

Google ၊ Apple ၊ Facebook နဲ့Amazon တို့ကို အခွန်ကောက်ဖို့GAFA tax အခွန်လို့ခေါ်နေတဲ့ အခွန်ဥပဒေတစ်ရပ်ကို ပြင်သစ်အစိုးရက ထုတ်ပြန်သွားဖို့ရှိပါတယ်။

         ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေနဲ့အင်တာနက်ကုမ္ပဏီကြီးတွေကို အခွန်တိုးကောက်မယ်လို့ကတိပြုထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အင်တာနက်ကုမ္ပဏီကြီးတွေပေါ် ကောက်ခံတဲ့ ဒစ်ဂျစ်တယ်အခွန်ပမာဏတိုးဖို့အတွက် ပြင်သစ်ဟာ EU အဖွဲ့ဝင်နိုင်ငံတစ်ချို့နဲ့သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

Photo: Duwun Tech


         အိုင်ယာလန်လိုနိုင်ငံမျိုးမှာ အခွန်နည်းကောက်ဖို့ထိန်ချုပ်ခြင်းနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဖိအားကို စိုးရိမ်ချက်တွေကြောင့် ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ အဆိုပြုချက်ဟာ EU အသိုင်းအဝိုင်းမှာ မအောင်မြင်ခဲ့ပါဘူး။ ပြင်သစ်ဝန်ကြီးများအစည်းအဝေးဆွေးနွေးမှုမှာ အဆိုပြုခဲ့ပြီး ပါလီမန်မှာ တင်သွင်းမယ့် ဒီအဆိုပြုချက်အရ ပြင်သစ်နိုင်ငံထဲ လာရောက်တဲ့ အင်တာနက်ကုမ္ပဏီကြီးတွေကို ဒစ်ဂျစ်တယ်ရောင်းအားအလိုက် ၃% အခွန်ကောက်ခံသွားမှာ ဖြစ်ပါတယ်။

         "ဒစ်ဂျစ်တယ်ရောင်းအားပေါ်ကနေ ကောက်ခံမယ့် အခွန် ၃% ဟာ ၂၀၁၉ ဇန်နဝါရီ ၁ ရက်နေ့ကဆိုရင် မကြာခင်မှာ စုစုပေါင်း ယူရို သန်း ၅၀၀ (ကန်ဒေါ်လာ ၅၆၆ သန်း အထိ ရှိလာမှာပါ" လို့ပြင်သစ်နေ့စဉ် သတင်းစာတစ်စောင်ဖြစ်တဲ့ Le Parisien မှာ စီးပွားရေးဝန်ကြီး ဘရူနို လီမာယဲလ်က ပြောကြားထားပါတယ်။

         ဝန်ကြီး လီမာယဲလ်ကနေ တင်ပြထားတဲ့ အခွန်ဥပဒေကြမ်းအရ ကမ္ဘာ့ဈေးကွက်မှာ နှစ်စဉ်ရောင်းအား ဝင်ငွေ ယူရို သန်း ၇၅၀ နဲ့အထက် ရှိပြီး ပြင်သစ်နိုင်ငံမှာ အနည်းဆုံး ယူရို ၂၅ သန်းဖို့ဝင်ငွေရနေတဲ့ ဒစ်ဂျစ်တယ်ကုမ္ပဏီကြီးတွေကို အခွန်ကောက်သွားဖို့ရှိပါတယ်။ ဒီစံနှစ်ရပ်နဲ့မညီရင်တော့ အခွန်ကောက်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ ဒီဥပဒေမှာ အမေရိကန် ၊ တရုတ် ၊ ဂျာမဏီ ၊ စပိန် ၊ ဗြိတိန်နဲ့ပြင်သစ်နိုင်ငံအတွင်းက ကုမ္ပဏီပေါင်း ၃၀ ခန့်ပေါ် အကျုံးဝင်မှာပါ။

Photo: omanobserver

         အမေရိကန်အိုင်တီကုမ္ပဏီကြီးတွေကို အဓိကကောက်ခံမယ့် ဒစ်ဂျစ်တယ်အခွန်ဖြစ်ပြီး Google ၊ Apple ၊ Facebook နဲ့Amazon တို့လို US ကုမ္ပဏီကြီးတွေကို ကောက်ခံမှာ ဖြစ်လို့GAFA tax လို့လည်း ခေါ်နေကြပါတယ်။ ဒီကုမ္ပဏီကြီးတွေဟာ အခွန်နည်းကောက်တဲ့ EU အဖွဲ့ဝင်နိုင်ငံတွေကနေ တစ်ဆင့် ပြင်သစ်မှာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ဖြန့်ကျက်နေတာ ဖြစ်ပါတယ်။

         အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကတော့ EU ကော်မရှင်ဟာ ၂၀၁၄ ခုနှစ်က အမေရိကန်စမတ်ဖုန်းကုမ္ပဏီ Apple ကို ကော်ပိုရိတ်အခွန်အဖြစ် ဝင်ငွေရဲ့ ဝ.၀၀၅% ပဲ ဆောင်ခိုင်းတာပါ။ တစ်နည်းအားဖြင့် ဒေါ်လာ ၁ သန်းဖိုးရောင်းရမှ ယူရို ၅၀ ပဲ ဆောင်ခိုင်းတာ ဖြစ်ပါတယ်။ ၂၀၁၆ မှာတော့ အိုင်ယာလန်မှာ တရားမဝင် အခွန်ရှောင်ထားတဲံ Apple ကို ယူရို ၁၃ သန်းပြန်ပေးစေဖို့EU ကော်မရှင်မှ အမိန့်ချမှတ်ခဲ့ပါတယ်။

         မကြာသေးမီကလည်း နယူးဇီလန်နိုင်ငံဟာ DST လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်အတွက် Facebook နဲ့Google အပါအဝင် ကမ္ဘာ့အိုင်တီကုမ္ပဏီကြီးတွေကို အခွန်ကောက်ဖို့ဥပဒေတစ်ရပ်ပြင်ဆင်နေတယ်လို့သတင်းများ ထွက်ပေါ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က