• Featured

    ထိုင်ဝမ်မှာ တံတားတစ်စင်းပြိုကျမှု အလောင်းငါးလောင်းတွေ့ရှိ၊ တစ်ဦးပျောက်ဆုံးနေဆဲဖြစ်

တံတားပြိုကျမှုအတွင်း အခြား လူ ၁၄ ဦးလည်းထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ထိုင်ဝမ်အရှေ့မြောက်ပိုင်း ယီလန်ကောင်တီရှိ ဆိပ်ကမ်းတစ်ခုအတွင်း တံတားတစ်စင်းပြိုကျမှု ဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းအထိ တံတားအပျက်အစီးများအောက်မှ အလောင်းငါးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ် ငါးဖမ်းသမားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။

(Photo: Getty Images)

တံတားပြိုကျမှုအတွင်း အခြား လူ ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ယနေ့ (အောက်တိုဘာ ၁ ရက်) ဖြစ်ပွားခဲ့တဲ့ တံတားပြိုကျမှုကြောင့် အောက်ဘက်မှာဆိုက်ကပ်ထားတဲ့ ငါးဖမ်းစက်လှေများ ပျက်စီးသွားခဲ့ပြီး လောင်စာဆီတင်ယာဉ်တစ်စီး ရေထဲသို့ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်း Nanfang'ao ဆိပ်ကမ်းရှိ ၄၅၉ ပေရှည်တဲ့ တံတား ပြိုကျသွားမှုကို CCTV မှတ်တမ်းမှာ မြင်တွေခဲ့ကြရပါတယ်။

တံတားပေါ်မှ လောင်စာဆီတင်ယာဉ် ဖြတ်သန်းသွားခဲ့ပြီး တစ်ဘက်ခြမ်းသို့ရောက်ရှိရန် နီးကပ်လာစဉ်မှာ တံတားပြိုကျပြီး အဆိုပါယာဉ်ဟာလည်း အောက်ဘက်သို့ထိုးကျသွားခဲ့တာကို CCTV မှတ်တမ်းဗီဒီယိုမှာ ထိတ်လန့်ဖွယ်ရာ တွေ့ခဲ့ရပါတယ်။ တံတားအပျက်အစီးတွေက အောက်ဘက်မှာရှိနေတဲ့ ငါးဖမ်းစက်လှေ သုံးစီးထက်မနည်းပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်။

image

(Photo: Ocean Affairs Council/Facebook)

တံတားပြိုကျမှုကြောင့် အောက်ဘက်ကိုထိုးကျသွားတဲ့ လောင်စာဆီတင်ယာဉ်ဟာ နောက်ပိုင်းမှာ ပေါက်ကွဲမီးလောင်ခဲ့ပြီး ထူထပ်တဲ့ မီးခိုးလုံးကြီးများ ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ Nanfang'ao ဆိပ်ကမ်းရှိ တံတားဟာ ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီ ၃၀ မိနစ်အချိန်မှာ ပြိုကျခဲ့ပြီး ငါးဖမ်းစက်လှေသုံးစီးထက်မနည်း ပျက်စီးခဲ့ပြီး လောင်စာဆီတင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ်လွှတ်တော်အမတ် Wang Ting-yu က Facebook မှာ တရုတ်ဘာသာဖြင့် ရေးသားထားပါတယ်။

တံတားပြိုကျမှုအတွင်း လူငါးဦးကို ကယ်တင်နိုင်ခဲ့ကြောင်းနဲ့ နောက်ထပ် နိုင်ငံခြားသား အလုပ်သမားခြောက်ဦးကို ကယ်တင်ရန်လုပ်ဆောင်နေကြောင်းလည်း တံတားတည်ရှိရာ Suao မြို့ အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး လွှတ်တော်အမတ် Wang Ting-yu က ပြောပါတယ်။ ထိုင်ဝမ်းကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ အဆိုအရ တံတားပြိုကျမှုအတွင်း လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

ဒဏ်ရာရခဲ့သူတွေအနက် တံတားပြိုကျပြီး ရေထဲသို့ထိုးကျသွားခဲ့တဲ့ လောင်စာဆီတင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူလည်းပါဝင်ကာ ၎င်းကို ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ရေငုပ်သမားတွေက တံတားအပျက်အစီးများ ပြုတ်ကျနေခဲ့တဲ့ ငါးဖမ်းစက်လှေနှစ်စီးအတွင်း ပိတ်မိနေနိုင်ဖွယ်ရှိသူတွေကို ရှာဖွေနေကြောင်း Suao မြို့မှ အစိုးရတာဝန်ရှိသူတွေက Reuters သတင်းဌာနကို ပြောပါတယ်။

"တံတားက ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ လောင်စာဆီတင်ယာဉ်တစ်စီး ဖြတ်သန်းနေတုန်း ပြိုကျသွားခဲ့တယ်၊ အဲဒီ လောင်စာဆီတင်ယာဉ် မီးလောင်ခဲ့ပါတယ်၊ ပြိုကျသွားတဲ့ တံတားအပျက်အစီးတွေ ပြုတ်ကျနေတဲ့ အောက်ဘက်က ငါးဖမ်းစက်လှေတွေထဲမှာ ငါးဖမ်းသမားတွေ ပိတ်မိနေနိုင်တာကို ကျွန်တော်တို့ စိုးရိမ်ခဲ့ပါတယ်" လို့ Suao မြို့ အုပ်ချုပ်ရေးမှူးရဲ့ အတွင်းရေးမှူး Shih I-chun က ပြောခဲ့ပါတယ်။

(Photo: AFP)

ထိုင်ဝမ်အာဏာပိုင်တွေက ကယ်ဆယ်ရေးမှာ ကူညီပေးနိုင်ရန်အတွက် တံတားပြိုကျမှုဖြစ်ပွားတဲ့နေရာသို့ စစ်သားများ စေလွှတ်ထားပြီး အရေးပေါ်ဌာနတစ်ခု ဖွင့်လှစ်ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရပါတယ်။ တံတားပြိုကျရမှု အကြောင်းရင်းကိုတော့ လက်ရှိအချိန်အထိ အတိအကျ မသိနိုင်သေးပါဘူး။ ယနေ့ ပြိုကျခဲ့တဲ့ Nanfang'ao ဆိပ်ကမ်းရှိ တံတားကို ၁၉၉၈ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပြိုကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

တံတားတည်ရှိရာ ထိုင်ဝမ်အရှေ့မြောက်ပိုင်း ယီလန်ကောင်တီကို တနင်္လာနေ့ (စက်တင်ဘာ ၃၀ ရက်) ညပိုင်းက အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀ ကျော်ဖြင့် တိုင်ဖွန်းမီတက်ဂ် (Typhoon Mitag) ဝင်ရောက်တိုက်ခတ်ခဲ့သေးပြီး လူ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ နေအိမ် ၆၆,၀၀၀ ကျော်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းအန္တရာယ်ကြောင့် လေကြောင်းခရီးစဉ် ၁၅၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး အရောင်းအဝယ်လုပ်ငန်းများ၊ ကျောင်းများပိတ်ထားစေခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

အောက်တိုဘာ ၃ ရက် နောက်ဆက်တွဲသတင်းအရ တံတားပြိုကျမှုအတွင်း ပျောက်ဆုံးနေတဲ့ နေက်ဆုံးလူတစ်ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး စုစုပေါင်း သေဆုံးသူခြောက်ဦး ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ တံတားပြိုကျမှုအတွင်း သေဆုံးခဲ့သူတွေဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် ငါဖမ်းသမားတွေဖြစ်ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က