• Featured

    ခိုးယူခံရတဲ့ ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိ ရှားပါးစာအုပ်များ ရိုမေးနီးယားမှ အိမ်ကြမ်းခင်းအောက်မှာ တွေ့ရှိ

လန်ဒန်မြို့ရှိ ဂိုဒေါင်တစ်ခုမှ ခိုးယူသွားခဲ့တဲ့ ရှားပါးအဖိုးတန် စာအုပ်တွေဖြစ်ပါတယ်။

လန်ဒန်မြို့ရှိ ဂိုဒေါင်တစ်ခုမှ ခိုးယူသွားခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃.၂ သန်းကျော်တန်ဖိုးရှိ ရှားပါးစာအုပ်တွေကို ရိုမေးနီးယားနိုင်ငံမှာ ပြန်လည်တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

image

(Photo: London Metropolitan Police)

ရှားပါးပြီး အစားထိုးမရနိုင်တဲ့ စာအုပ် ၂၀၀ ခန့်ကို ခိုးယူသွားသူတွေက ရိုမေးနီးယား ကျေးလက်ဒေသရှိ နေအိမ်တစ်အိမ်ရဲ့ ကြမ်းခင်းအောက်မှာ မြှုပ်နှံထားခဲ့ပါတယ်။ ထိုစာအုပ်များအနက် နက္ခတ္တဗေဒပညာရှင် ဂါလီလီယို (Galileo) နဲ့ သင်္ချာပညာရှင် အိုင်းဆက်နယူတန် (Isaac Newton) တို့ရဲ့ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေမှု စာအုပ်များလည်း ပါဝင်ပါတယ်။

သူခိုးတွေက အဆိုပါ ရှားပါးစာအုပ်တွေကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း လန်ဒန်အနောက်ပိုင်း Feltham ရှိ ဂိုဒေါင်တစ်ခုကနေ ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။ သူခိုးတွေက လုံခြုံရေး အာရုံခံကိရိယာတွေကို ရှောင်ကွင်းရန် ဂိုဒေါင်ခေါင်မိုးမှာ အပေါက်များဖောက်ပြီး ဂိုဒေါင်ကြမ်းပြင်အထိ ပေ ၄၀ အမြင့်ကို ကြိုးဖြင့်လျှောဆင်းကာ အတွင်းသို့ ဝင်ရောက်ခိုးယူခဲ့ကြတယ်လို့ AFP သတင်းက ဆိုပါတယ်။

image

(Photo: London Metropolitan Police)

အဖိုးတန် စာအုပ်တွေကို ခိုးယူသွားသူတွေဟာ ရိုမေးနီးယား ရာဇဝတ်ဂိုဏ်းတစ်ခုမှဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရပါတယ်။ အဆိုပါဂိုဏ်းဟာ ဗြိတိန်တစ်ဝန်း တန်ဖိုးကြီးပစ္စည်းများ သိမ်းဆည်းထားရှိတဲ့ ဂိုဒေါင်တွေကို ဖောက်ထွင်းခိုးယူနေခဲ့ကြောင်း လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၆ ရက်) မှာ ရဲအရာရှိတွေက ရိုမေးနီးယားအရှေ့မြောက်ပိုင်း Neamt နယ်မြေရှိ နေအိမ်တစ်အိမ်ကို ရှာဖွေခဲ့ရာ ကြမ်းခင်းအောက်မှာ တွင်းတူးမြှုပ်နှံထားတဲ့ စာအုပ်များကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း ဗြိတိန်၊ ရိုမေးနီးယားနဲ့ အီတလီ နိုင်ငံတို့ရှိ နေရာပေါင်း ၄၅ ခုကို စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ခိုးယူခံရတဲ့ စာအုပ်တွေကို ပြန်ရှာဖွေတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Reuters)

ရှားပါးစာအုပ်များ ခိုးယူခံရမှုနဲ့ ဆက်စပ်ပြီး လူ ၁၃ ဦးကို ဖမ်းဆီးစွဲချက်တင်ခဲ့ပြီး ၎င်းတို့အနက် ၁၂ ဦးက ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားပါတယ်။ ခိုးယူခံရတဲ့ အဖိုးတန် စာအုပ်များအနက် အီတလီကဗျာဆရာ ဒန်တေ (Dante Alighieri) ရှားပါးစာအုပ်များ၊ စပိန်ပန်းချီဆရာ ဖရန်စစ္စကို ဒီဂိုယာရဲ့ ပုံဆွဲစာအုပ်များ၊ နက္ခတ္တဗေဒပညာရှင် ဂါလီလီယိုနဲ့ သင်္ချာပညာရှင် အိုင်းဆက်နယူတန်တို့ရဲ့ ၁၆ ရာစုနဲ့ ၁၇ ရာစုမှ စာအုပ်များ ပါဝင်တယ်လို့ ဆိုပါတယ်။

"ဒီစာအုပ်တွေက အလွန်အဖိုးတန်ပါတယ်၊ ပိုအရေးကြီးတာက ဒါတွေက အစားထိုးလို့မရပါဘူး၊ ဒီစာအုပ်တွေက ကြီးကျယ်တဲ့ ယဥ်ကျေးမှုအမွေအနစ်တွေပါ" လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့ရဲ့ အထူးရာဇဝတ်မှုဆိုင်ရာ တောင်းပိုင်းဌာနချုပ်မှ စုံစမ်းထောက်လှမ်းရေးအရာရှိ အန်ဒီဒါဟမ်က ပြောပါတယ်။ ရှားပါးအဖိုးတန် စာအုပ်တွေကို အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မှာ ကျင်းပပြုလုပ်မယ့် စာအုပ်လေလံပွဲသို့ မပို့ဆောင်မီ ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားစဥ် ခိုးယူခံခဲ့ရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က