လည်စရာစုံလင် ဆိုးလ်မြို့တစ်ခွင်ကို ဘယ်လိုလည်ပတ်ကြမလဲ။

တောင်ကိုရီးယားရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ဆိုးလ်မြို့ကတော့ သမိုင်းဝင်နေရာတွေ၊ ခေတ်မီအဆောက်အဦတွေနဲ့အတူ K-drama, K-Pop ယဉ်ကျေးမှုကြောင့်လည်း သိပ်ကိုကျော်ကြားထင်ရှားလှပါတယ်။ ဆိုးလ်ကို ရောက်တဲ့အခါ ချန်မထားခဲ့သင့်တဲ့ လည်ပတ်စရာနေရာတွေကတော့ ဒီနေရာတွေပါပဲ  


Gyeongbokgung နန်းတော်


image


ဆိုးလ်မြို့ရဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ Gyeongbokgung နန်းတော်ဟာ ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ယူစရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းထားတဲ့နေရာဖြစ်ပါတယ်။ ၁၃၉၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဒီနန်းတော်မှာတော့ ဂျိုဆွန်းမင်းဆက် ဘုရင်တွေ နေထိုင်ခဲ့ပြီး ရှေးဟောင်းဗိသုကာလက်ရာတွေ၊ ခမ်းနားတဲ့ တံခါးပေါက်တွေနဲ့ လှပတဲ့ ဥယျာဉ်တွေကို လေ့လာနိုင်ပြီး တစ်နေ့နှစ်ကြိမ်ကျင်းပနေကျ တော်ဝင်အစောင့်တပ် တာဝန်ချိန်လဲခြင်းအခမ်းအနား (Royal Guard Changing Ceremony) ကိုလည်း ကြည့်လို့ရပါတယ်။


Myeongdong ဈေးဝယ်နေရာ



ဆိုးလ်မြို့ရဲ့အလှဆုံးနဲ့ အစည်ကားဆုံး ဈေးဝယ်စင်တာတွေရှိတဲ့ မြောင်ဒုံ (Myeongdong) ကလည်းလူငယ်တွေနဲ့ အမြဲပြည့်နေတဲ့ နေရာတစ်နေရာပါပဲ။ ကိုရီးယားအလှကုန်တွေ၊ အဝတ်အစားတွေ၊ လက်ဆောင်ပစ္စည်းတွေကို တစ်နေရာတည်းမှာ စိတ်ကြိုက်ဈေးဝယ်ထွက်လို့ရတဲ့ နေရာဖြစ်လို့ ဈေးဝယ်ချစ်သူတွေလည်း အကြိုက်တွေ့မှာပါ။ ဒါ့အပြင် ကိုရီးယားနာမည်ကြီး အစားအစာတွေဖြစ်တဲ့ တော့ပိုကီ၊ ငါးပေါင်မုန့်နဲ့ ပင်လယ်စာပန်ကိတ်တွေကို မြည်းကြည့်နိုင်ပါသေးတယ်။ ညနေပိုင်းရောက်ရင် လူပိုစည်တာကြောင့် ပျော်စရာကောင်းတဲ့ လည်စရာတစ်ခုပါပဲ။


Everland



Everland ဟာ ကိုရီးယားရဲ့ အကြီးဆုံး အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး မိသားစုနဲ့ သူငယ်ချင်းတွေ အတူတူ အပန်းဖြေဖို့  အကောင်းဆုံးနေရာပါ။ ကလေးတွေရော၊ လူကြီးတွေပါ အကြိုက်တွေ့စေမယ့် ဒီနေရာမှာဆိုရင်နာမည်ကြီး T-Express ရိုလာကိုစတာ စီးပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံကို ခံစားနိုင်ပါတယ်။ အပန်းဖြေလို့ကောင်းတဲ့ စက်ဘီးစီးစရာလမ်း၊ ပန်းဥယျာဉ်တွေ၊ တိရစ္ဆာန်ရုံတွေနဲ့ ရာသီအလိုက် အထူးပွဲတော်တွေက ခရီးသွားတွေအဓိကဆွဲဆောင်နေတဲ့အရာတွေပါပဲ။



N Seoul Tower



နမ်ဆမ်တာဝါလို့ လူသိများတဲ့ "N Seoul Tower" ကတော့ နမ်ဆမ်တောင်ထိပ်မှာ တည်ရှိပြီး ဆိုးလ်တစ်မြို့လုံးရဲ့အလှကို ကြည့်ရှုခံစားနိုင်တဲ့နေရာဖြစ်ပါတယ်။ N Seoul Tower ရဲ့ နာမည်အကြီးဆုံးအချက်ကတေ့ာ အချစ်သော့ခလောက်နေရာဖြစ်ပြီး စုံတွဲတွေက သူတို့ရဲ့ အချစ်သင်္ကေတအဖြစ် လက်ရန်းတွေမှာ သော့ခလောက်တွေ ချိတ်ထားကြပါတယ်။ 

ဒီမျှော်စင်မှာ ဂီတဖျော်ဖြေပွဲတွေနဲ့ ယဉ်ကျေးမှုပွဲတော်တွေအပါအဝင် ရာသီအလိုက်ပွဲတွေကိုလည်း ကျင်းပတတ်ပါတယ်။ နွေဦးရာသီရဲ့ ချယ်ရီပန်းပွင့်ချိန်အတွင်း မျှော်စင်ပတ်လည်တစ်ဝိုက်က သစ်ပင်၊ ပန်းပင်တွေ ပွင့်လာတဲ့အချိန်က အင်မတန်လှပပါတယ်



Cheonggyecheon Stream



နောက်ဆုံးနေရာကတော့ ဆိုးလ်မြို့လယ်ခေါင်မှာရှိတဲ့ Cheonggyecheon သဘာဝစမ်းချောင်းဖြစ်ပြီး ဆိုးလ်ရဲ့ မြို့ပြအလှကို မြှင့်တင်ပေးတဲ့နေရာပါ။ ညနေခင်း အပန်းဖြေရင်းဖြစ်ဖြစ်၊ အေးအေးဆေးဆေး လမ်းလျှောက်ထွက်ရင်းပဲဖြစ်ဖြစ် ရေစီးသံတွေနဲ့ စမ်းချောင်းရဲ့အလှကို ခံစားနိုင်ပါတယ်။ တစ်ခါတလေ ညဦးပိုင်းမှာမှ ထွက်လာတတ်တဲ့ မီးစုန်းကြူးတွေရဲ့ မှိတ်တုတ်မှိတ်တုတ်အလင်းရောင်လေးတွေက စမ်းချောင်းလေးရဲ့အလှကိုပိုပြီး ရုပ်လုံးပေါ်စေပါတယ်။ ဒီလိုမျိုး အေးချမ်းပြီး ခရီးသွားတွေနဲ့အမြဲပြည့်နေတဲ့နေရာကိုလည်း ဆိုးလ်ရောက်ရင်လည်ခဲ့ဖို့မမေ့နဲ့နော်။


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က