စက်ပိတ်ပြီး ရပ်ထားခဲ့တဲ့ ကားထဲမှာ ကလေးကို ထားခဲ့မိတာနဲ့ ကားပိုင်ရှင်ကို အသိပေးနိုင်မယ့် လှုပ်ရှားမှုသိ အာရုံခံ Sensor တစ်မျိုးကို Tesla မှ တီထွင်နေတယ်လို့ ဆိုပါတယ်။
Tesla Inc ဟာ မလှမ်းမကမ်းအကွာအဝေးကနေ ဆက်သွယ်နိုင်မယ့် လှုပ်ရှားမှုသိနိုင်တဲ့ ထုတ်ကုန်တစ်မျိုးကို ဈေးကွက်တင်ရေးအတွက် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FTC ဆီကနေ ခွင့်ပြုချက်တောင်းခံထားတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ Tesla ရဲ့ sensor ဟာ လက်ရှိဥပဒေအရ ခွင့်ပြုထားတာထက် ပိုပြီး စွမ်းအားမြင့်တဲ့ high power levels မှာ ထောက်လှမ်းမိုင်မယ့် ရေဒါအာရုံခံစနစ်ကို သုံးသွားမှာပါ။

Photo: The Verge
ဒီထုတ်ကုန်ဟာ စက်ပိတ်ထားလို့ ပူလောင်နေတဲ့ ကားထဲမှာ ကလေးတွေ ကျန်မနေခဲ့ဖို့နဲ့ ပစ္စည်းအခိုးမခံရအောင် ကာကွယ်တဲ့စနစ်တွေကို မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။ဒီအာရုံခံစနစ်ကို သုံးခြင်းအားဖြင့် ကားအတွင်း ပိတ်ထားမိခြင်းကြောင့် Heatstroke ဖြစ်ပြီး သေဆုံးနိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ Tesla က ပြောပါတယ်။
Tesla ရဲ့ နည်းပညာဟာ အရွယ်ရောက်ပြီးသူနဲ့ ကလေး ကွဲကွဲပြားပြား သိနိုင်ဖို့ ရေဒါပုံဖော်စနစ်ကို သုံးပြီး ကိုယ်ခန္ဓာအရွယ်အစားကို တိုင်းတာနိုင်မှာပါ။ ဒီနည်းပညာဟာ လက်ရှိ ကိုယ်အလေးချိန်အခြေခံ in-seat sensor စနစ်တွေထက်စာရင် ယာဉ်တိုက်မှုအတွင်း လေအိတ်ပွင့်မှုကိုလည်း ပိုကောင်းမွန်အောင် ကူညီပေးနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်း ကားအတွင်းမှာ Heatstroke ကြောင့် သေဆုံးတဲ့ ကလေးပေါင်း ၅၀ ကျော် ရှိခဲ့တယ်လို့ အမျိုးသားအဝေးပြေးယာဉ်လမ်းကြောင်း ဘေးကင်းမှုဆိုင်ရာအဖွဲ့အစည်းရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။ ဖြစ်စဉ်အများစုဟာ ကလေးကို ကားအတွင်းမှာ မေ့ပြီး လော့ချထားခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။