အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် ဆာလာဟာ ဆီရီယာလီယွန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ ရန်မူတိုက်ခိုက်ခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ အီဂျစ်တို့ အိမ်ရှင် ဆီရီယာလီယွန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
အီဂျစ်အတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို ထရာဇီဂေးက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အီဂျစ်အတွက် သက်သောင့်သက်သာရရှိခဲ့တဲ့ နိုင်ပွဲဖြစ်ခဲ့ပေမယ့် ပွဲပြီးဆုံးခါနီးမှာတော့ အခုလိုပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာပါ။
ဆီရီယာလီယွန်ပရိသတ်အချို့ဟာ ဆာလာရှိရာ ကွင်းအတွင်းကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ဆာလာကို တိုက်ခိုက်ရန်မူဖို့ ကြိုးစားခဲ့ကြပါတယ်။ လုံခြုံရေးတွေကလည်း အဆိုပါ ပရိသတ်တွေကို အချိန်မီ တားဆီးနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြပြီး အီဂျစ်အသင်းဖော်အချို့ကလည်း ဆာလာကို ကာကွယ်ပေးခဲ့ကြပါတယ်။
ဒီလိုမျိုး ကျူးကျော်ဝင်ရောက်လာတဲ့ ပရိသတ်တွေထဲမှာ မန်စီးတီးဂျာစီဝတ်ဆင်ထားတဲ့ ပရိသတ်တစ်ယောက် ပါဝင်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒီဖြစ်ရပ်မှာ ဆာလာတစ်ယောက် ထိခိုက်ခဲ့ခြင်းမရှိပါဘူး။