• Featured

    ကပ်ရောဂါခေတ်မှာ ရုံဝင်ကြေး ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ရရှိတဲ့ ပထမဆုံးရုပ်ရှင် Spider-Man: No Way Home

အိုမီခရွန်ကူးစက်မှုတွေ မြင့်တက်နေပေမဲ့ Spider-Man ဇာတ်ကားသစ်က ရုံဝင်ကြေး အမြင့်ဆုံးဖြင့် Box Office စံချိန်တင်ခဲ့ပါတယ်

Spider-Man: No Way Home က ကပ်ရောဂါခေတ်မှာ ကမ္ဘာတစ်ဝန်း ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ရရှိတဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။

image

ဒါ့အပြင် Spider-Man ဇာတ်ကားသစ်ဟာ ၂၀၂၁ ခုနှစ်အတွင်း ဝင်ငွေအများဆုံးရတဲ့ ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ Spider-Man: No Way Home က အစောပိုင်းမှာ ကမ္ဘာတစ်ဝန်း ရုံဝင်ကြေး ဒေါ်လာ ၉၀၅ သန်းကျော်ဖြင့် Global Box Office မှာ ထိပ်ဆုံးမှဦးဆောင်နေခဲ့တဲ့ ကိုရီးယားစစ်ပွဲနောက်ခံ တရုတ်ရုပ်ရှင်ဇာတ်ကား The Battle of Lake Changjin ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ယခင် ဝင်ငွေ ဒေါ်လာ ၁ ဘီလံယံကျော် ရရှိခဲ့တဲ့ နောက်ဆုံး ရုပ်ရှင်ဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Star Wars: The Rise of Skywalker ဖြစ်ကြောင်း Comscore မီဒီယာအချက်အလက်ဆိုင်ရာ ကုမ္ပဏီ Comscore ရဲ့ စာရင်းက ဖော်ပြပါတယ်။

image

လွန်ခဲ့တဲ့ ၂ နှစ်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း အခြား ဟောလိဝုဒ်ဇာတ်ကားတွေဟာ ယခု Spider-Man ဇာတ်ကားသစ်ကဲ့သို့ ရုံဝင်ကြေး စံချိန်မှတ်တမ်းဝင်ခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ စာရင်းတွေအရ Spider-Man ဇာတ်ကားသစ်က ကမ္ဘာတစ်ဝန်း ရုံဝင်ကြေး ဒေါ်လာ ၁.၀၅ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာတစ်ဝန်း အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေပေမဲ့ Sony နဲ့ Disney တို့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Spider-Man: No Way Home ဟာ အထူးပွဲပြသပြီး ၂ ပတ်မပြည့်မီမှာပင် ရုံဝင်ကြေး အမြင့်ဆုံးဖြင့် Box Office ကို ဦးဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Spider-Man ဇာတ်ကားသစ်ကို လက်ရှိ ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ရုံတင်ပြသရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ Spider-Man ရုပ်ရှင်ဇာတ်ကားတွဲတွေအနက် ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man: Far From Home က ရုံဝင်ကြေး ဒေါ်လာ ၁ ဘီလီယံ ရရှိတဲ့ ပထမဆုံး Spider-Man ဇာတ်ကားဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ထိုဇာတ်ကားက ကမ္ဘာတစ်ဝန်း ရုံဝင်ကြေး ဒေါ်လာ ၁.၁၃၂ ဘီလီယံဖြင့် ဝင်ငွေအမြင့်ဆုံး Spider-Man ဇာတ်ကားဖြစ်နေဆဲလို့ Comscore က ဖော်ပြပါတယ်။ 

Photo: Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က