အခြေခံပညာအထက်တန်းကစတင်ကာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းသားဦးရေများတဲ့ကျောင်းတွေကတော့ တစ်ပတ်ခြားစီတက်ရနိုင်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောလိုက်ပါတယ်။
လာမယ့် ဇူလိုင်လ ဒုတိယသီတင်းပတ်နောက်ပိုင်းကစတင်ကာ နဝမတန်းနဲ့ ဒဿမတန်းတွေကို အရင်ဆုံးဖွင့်လှစ်ဖို့ စီစဉ်နေပြီး စာသင်ခန်းတစ်ခန်းကို ကျောင်းသား အယောက် ၂၀ ခန့်သာ ထားရှိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ကျောင်းသားဦးရေများပြားလို့ ယခင်ကတည်းက နှစ်သုတ်ခွဲတက်ရတဲ့ကျောင်းတွေကိုတော့ အုပ်စုလိုက်ခွဲခြားပြီး တစ်ပတ်ခြားစီ တက်နိုင်ဖို့ အတွက် ပြင်ဆင်ရမယ်လို့ ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။
“ ရန်ကုန်နဲ့ မန္တလေးက ကျောင်းသားဦးရေများတဲ့ ကျောင်းတွေမှာဆိုရင် တစ်ပတ်ခြားစီ တက်ရတာမျိုးဖြစ်သွားနိုင်တယ်။ ကလေးတွေက တစ်ပတ်နား ၊ တစ်ပတ်တက်ပေါ့။ နားနေတဲ့အချိန်မှာတော့ Home Assignment တွေပေးမယ်။ အိမ်မှာလေ့လာကြရမယ်။ ပြီးတော့ ကျောင်းပြန်တက်ရင် ဆရာဆရာမတွေကို ပြန်တင်ပြ။ ဒါမျိုးသင်ကြားတဲ့ပုံစံတွေလည်း ဆရာတို့ လုပ်ပေးဖို့ ရှိပါတယ်။” လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။
ကျောင်းတွေမှာ တစ်ခန်းကို ကျောင်းသား အယောက် ၂၀ ခန့်သာ ထားရှိမှာဖြစ်လို့ သင်ကြားမယ့် ဆရာဆရာမတွေလည်း လိုအပ်လာနိုင်တာကြောင့် ဆရာဆရာမအသစ်တွေကို ထပ်ခန့်ဖို့ရှိသလို စေတနာ့ဝန်ထမ်းဆရာဆရာမတွေကိုလည်း ခန့်ထားဖို့ရှိတယ်လို့သိရပါတယ်။
Photo- ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုစဉ်
ဒါ့အပြင် ရောဂါကာကွယ်နိုင်ရေးအတွက် လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရည်၊ ဘေစင်၊ ရေပုံး၊ အပူချိန်တိုင်းကိရိယာတွေကို စာသင်ကျောင်းတွေကို ပံ့ပိုးပေးမှာဖြစ်သလို ကျောင်းသားနဲ့ ဆရာဆရာမ တစ်ဦးစီကို ပြန်လည်အသုံးပြုလို့ရတဲ့ နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်ပစ္စည်း နှစ်ခုစီ ပေးသွားမယ်လို့လည်းသိရပါတယ်။
ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင်တော့ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေ မဖြစ်မနေလိုက်နာရမယ့် ကျန်းမာရေးစည်းကမ်းချက်တွေကို ထုတ်ပြန်ပေးသွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ယခင်က မူလတန်းကို အရင်ဆုံးဖွင့်ဖို့ စီစဉ်ထားခဲ့ပေမယ့် မေလ ၁၉ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဆွေးနွေးမှုအပြီးမှာ အထက်တန်းတွေကို အရင်ဆုံးဖွင့်ဖို့အတွက် ညှိနှိုင်းခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာ မူလတန်းကျောင်းသားဦးရေ ၅၂ သိန်းခန့်၊ အလယ်တန်းကျောင်းသားဦးရေ သိန်း ၃၀ ၊ အထက်တန်းကျောင်းသားဦးရေ ၁၂ သိန်းခန့်ရှိနေတာကြောင့် ကျန်းမာရေး လမ်းညွန်ချက်တွေ ပိုမိုထိရောက်အောင် ကျောင်းသားဦးရေနည်းတဲ့ အတန်းတွေကို အရင်ဆုံးပြန်ဖွင့်ရတာလည်းဖြစ်ပါတယ်။
Share