ကျောင်းလာအပ်ရင် Social Distancing စနစ်ဖြစ်အောင်အတန်းလိုက်၊အသုတ်လိုက်အပ်နှံရမှာပါ။

နဝမတန်းနဲ့ ဒဿမတန်းတွေ ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်အတွင်း ကျောင်းအပ်နှံရမှာဖြစ်ပြီး ကျောင်းအပ်နှံချိန်မှာ ကျောင်းသားတစ်ဦးကို ကျောင်းသုံးပြဌာန်းစာအုပ်အပြင် အဝတ်နှာခေါင်းစည်း နှစ်ခု၊ Face Shield တစ်ခုစီ အခမဲ့ပေးဝေသွားမယ်လို့ အခြေခံပညာဦးစီးဌာနကနေသိရပါတယ်။ 

ကျောင်းလာအပ်ရင်တော့ COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းအဖြစ် Social Distancing စနစ် (ခပ်ခွာခွာနေထိုင်ခြင်း) စနစ်အသုံးပြုနိုင်အောင် အတန်းလိုက်၊ အသုတ်လိုက် ကျောင်းအပ်လက်ခံရမယ်လို့လည်း အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။ 



“ အထက်တန်းအဆင့်တွေ ပြန်ဖွင့်မယ့် ဇူလိုင် ၂၁ ရက်မတိုင်ခင် တစ်ပတ်အလို ဇူလိုင် ၁၃ ကနေ ၁၇ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်လုပ်မယ်။ ကျောင်းလာအပ်ရင် Social Distancing စနစ်အတိုင်းလက်ခံရမယ်။ ပြဌာန်းစာအုပ်အပြင် Mask တွေ၊ Face Shield တွေကို ကျောင်းလာအပ်ရင် တစ်ခါတည်းပေးသွားမယ်။ ဒါတွေက နိုင်ငံတော်စရိတ်နဲ့ အခမဲ့ပေးမှာပါ” လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

အထက်တန်းကျောင်းသားမိဘအများစုကတော့ အခုလို ရောဂါဖြစ်ပွားနေချိန်မှာ မိမိတို့ရဲ့ကလေးတွေ ကျောင်းတက်ရမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့်လည်း ကလေးတွေ ကျောင်းတက်တဲ့အခါ ရောဂါကာကွယ်နည်းလမ်းတွေ အသုံးပြုနိုင်အောင် အိမ်မှာနေစဉ်အတွင်း လေ့ကျင့်သင်ကြားပေးထားတယ်လို့ ကျောင်းသားမိဘအချို့က Duwun ကိုပြောပါတယ်။

“ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးအပေါ်စိုးရိမ်မှုကတော့ အမြင့်ဆုံးမှာရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်ရင်တော့ နောက်မကျသွားစေချင်ဘူး။ ဒါကြောင့် ကိုယ့်ကလေးကို ကာကွယ်ရေးစနစ်တွေ သုံးတတ်အောင် အမြဲတမ်း လေ့ကျင့်ပေးနေတယ်။အခုဆို အိမ်မှာ နှာခေါင်းစည်း စည်းတာကို လေ့ကျင့်ပေးတယ်။ နှာခေါင်းစည်းကြာကြာတက်ရင် အသက်ရှုကြပ်တာပေ့ါ။ အဲဒီအခါကျရင် နားကနေ ကြိုးလေးကိုင်ပြီး အသက်၀၀ရှု၊ ပြီးရင်ပြန်ပိတ်ပေါ့။ ဒီလိုလေးတွေ ပြောပေးထားတာပေါ့။ ပြီးရင် ကျောင်းတက်ရင်လည်း သူငယ်ချင်းအချင်းချင်း ဒီလို နည်းလမ်းလေးတွေကို လိုက်နာနေထိုင်ကြဖို့၊ အချင်းချင်းပြန်မျှဝေကြဖို့ ဆိုပြီး ကျွန်မရဲ့ သမီးလေးကို သင်ပေးဖြစ်ပါတယ်” လို့ ဒဿမတန်းကျောင်းသူတစ်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်စိုးက Duwun ကိုပြောပါတယ်။ 

လက်ရှိမှာ ကျောင်းသားတွေကို Mask (နှာခေါင်းစည်း), Face Shield (မျက်နှာအကာအရံ) တွေ ဝေပေးဖို့နဲ့ ကျောင်းတွေမှာ အပူချိန်တိုင်းကိရိယာတွေ ထားပေးနိုင်ဖို့ ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူထားတယ်လို့ ကြေညာထားပါတယ်။ 

လုပ်ငန်းရှင်တွေအနေနဲ့ လျှောက်လွှာတွေဝယ်ယူပြီး ဇူလိုင် ၉ ရက်နေ့နောက်ဆုံးထားတင်သွင်းရမှာဖြစ်ကာ အရည်အသွေးပြည့်မီပြီး ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ထားမှုအပေါ် မူတည်ပြီး ရွေးချယ်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ မူလတန်းကနေ အထက်တန်းအထိ အခြေခံပညာကျောင်းသားကျောင်းသူပေါင်း ၉ ဒသမ ၇ သန်းခန့်ရှိပြီး နှာခေါင်းစည်း သန်း ၂၀ ခန့် ဖြန့်ဝေပေးဖို့ စီစဉ်ထားပြီးလည်းဖြစ်ပါတယ်။ 

ဇူလိုင် ၂၁ ရက်မှာ ပြန်ဖွင့်လှစ်မယ့်အထက်တန်းကျောင်းတွေကိုတော့ ကျောင်းတက်ချိန် ပုံစံလေးမျိုးသတ်မှတ်ထားပြီး ပုံမှန်အတိုင်းဖွင့်လှစ်နိုင်တဲ့ကျောင်းတွေ၊ တစ်ပတ်ခြားစီတက်နိုင်တဲ့ကျောင်းတွေ၊ အသုတ်ခွဲပြီးတက်နိုင်တဲ့ကျောင်းတွေနဲ့ လေးပုံတစ်ပုံပဲ တက်နိုင်တဲ့ကျောင်းတွေဆိုပြီး ခွဲခြားထားပါတယ်။ 

ကျောင်းတွေမှာ ရှိတဲ့ကျောင်းသားဦးရေအပေါ်မူတည်ကာ ကျောင်းအုပ်ချုပ်ရေးမှူးတွေက လိုအပ်သလို စီမံကြဖို့ကိုလည်း အခြေခံပညာဦးစီးဌာနက ခွင့်ပြုထားပါတယ်။ တစ်နိုင်ငံလုံးမှာ အထက်တန်းကျောင်းပေါင်း လေးသောင်းခုနှစ်ထောင်ကျော်၊ အထက်တန်းကျောင်းသားဦးရေ ၁၂ သိန်းခန့်ရှိတယ်လို့လည်း ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က