သင်ရိုးတွေလျှော့ချဖို့ ဒီလကုန်မတိုင်ခင်မှာ အပြီးဆောင်ရွက်မှာပါ

ဇူလိုင် ၂၁ ရက်မှာ ပြန်ဖွင့်မယ့် အထက်တန်းတွေအတွက် ကျောင်းတက်ချိန်စနစ်လေးမျိုးသတ်မှတ်ထားပြီး ကျောင်းဖွင့်ချိန်နောက်ကျသွားတဲ့အတွက် ဒဿမတန်းသင်ရိုးကိုလည်း လျှော့ချသွားမယ်လို့ အခြေခံပညာဦးစီးဌာနကနေသိရပါတယ်။

COVID-19 ကြောင့် Social Distancing (ခပ်ခွာခွာနေထိုင်ခြင်း) ကိုလိုက်နာနိုင်အောင် ကျောင်းတက်ချိန်တွေကို ပုံစံလေးမျိုးခွဲခြားသတ်မှတ်ထားပြီး ပုံမှန်အချိန်အတိုင်းအပြည့်အဝတက်နိုင်တဲ့ကျောင်း၊ တစ်ပတ်ခြားစီတက်နိုင်တဲ့ကျောင်း၊ နှစ်သုတ်ခွဲတက်နိုင်တဲ့ကျောင်း၊ လေးပုံတစ်ပုံသာတက်နိုင်တဲ့ကျောင်းဆိုပြီး ခွဲခြားထားတယ်လို့ အခြေခံပညာဦးစီးဌာနဒုတိယညွန်ကြားရေးမှူးချုပ်ဦးတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

“ ကျောင်းသားဦးရေ၊ ဆရာဆရာမဦးရေ၊ စာသင်ခန်းတွေပေါ်မူတည်ပြီး ကျောင်းက အမျိုးအစားလေးမျိုးကွဲသွားမယ်။ တစ်ရက်တည်းပုံမှန်အတိုင်းတက်နိုင်တဲ့ ကျောင်းမျိုးဆိုရင် ပုံမှန်အတိုင်းဖွင့်ပေါ့။ အတန်းတွေခွဲပြီးတက်ရမှာမျိုးလည်းရှိမယ်။ ဥပမာ ကိုးတန်းက ဒီတစ်ပတ်တက်၊ ဆယ်တန်းကနောက်တစ်ပတ်တက် ဒီလိုတစ်ပတ်ခြားအစီအစဉ်တွေလည်းရှိမယ်။ ဒါမျိုး မပြေလည်ဘူးဆိုရင် တစ်ပတ်ခြားလည်းဖြစ်မယ်။ နှစ်သုတ်ခွဲတက်တာမျိုးလည်းဖြစ်မယ်။ အဲဒီလိုမှ အဆင်မပြေသေးတဲ့ကျောင်းဆိုရင် တစ်ပတ်ခြားရုံတင်မကဘဲ နှစ်သုတ်ခွဲပြီးတက်တာမျိုးလည်းရှိမယ်။ ဝါတွင်းကာလမှာဆိုရင် ဥပုပ်တစ်ရက်ပဲပိတ်ပြီးကျန်တဲ့ ၆ ရက်မှာ ၃ ရက် တက်ပြီး ၃ ရက်နားတာမျိုးလည်းရှိမယ်။ မိမိကျောင်းရဲ့ အခြေအနေပေါ်မူတည်ပြီး ကျောင်းအုပ်ကြီးတွေက စီမံခန့်ခွဲရမှာပါ ” လို့ ဦးတင်မောင်ဝင်းက ဆိုပါတယ်။

Photo- ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပခဲ့စဉ်

COVID-19 ကြောင့် ကျောင်းဖွင့်ချိန်နောက်ကျသွားသလို ဒီလိုကျောင်းတက်ချိန်စနစ်တွေကြောင့် ကျောင်းသားကျောင်းသူတွေအနေနဲ့ စာသင်ချိန်တွေ လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့်သင်ရိုးတွေကို လျှော့ချသင်ကြားနိုင်ဖို့ အမျိုးသားပညာရေးမူဝါဒကော်မရှင်အောက်က အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီနဲ့အခြေခံပညာဦးစီးဌာနတို့ ဇွန်လကုန်မတိုင်ခင်မှာ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း အခြေခံပညာဒုညွှန်ချုပ် ဦးတင်မောင်ဝင်းက ဆိုပါတယ်။

“ ဆယ်တန်းသင်ရိုးတွေလျှော့ချဖို့ ရှိပါတယ်။ အဓိက သင်ရိုးညွှန်းတမ်းကော်မတီက ဦးဆောင်ပြီး လုပ်မှာဖြစ်တယ်။ ဆရာတို့သင်ရိုးတွေ လျှော့ချတဲ့အခါမှာ ခုနက ကျောင်းတက်ချိန်စနစ်လေးမျိုးမှာ အနည်းဆုံးကျောင်းတက်ချိန်စနစ်ပေါ်မူတည်ပြီး လျှော့ချဖို့အတွက် ညှိနှိုင်းနေပါတယ်” လို့ ဦးတင်မောင်ဝင်းက ဆိုပါတယ်။ 

တစ်နိုင်ငံလုံးမှာ အထက်တန်းကျောင်းပေါင်း လေးသောင်းခုနှစ်ထောင်ကျော်၊ အထက်တန်းကျောင်းသား/ကျောင်းသူ ဦးရေ ၁၂ သိန်းခန့်ရှိနေပြီး ရန်ကုန်နဲ့ မန္တလေးရှိ အထက်တန်းကျောင်းတွေကတော့ အခြားဒေသက ကျောင်းတွေထက် ကျောင်းသားဦးရေ ပိုမိုများပြားနေတယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။


Share

Loading Next Article...
က္က