ဆာဒီယိုမာနေးရဲ့ ဦးဆောင်ဂိုးကို အန်တိုနီယိုက ပြန်လည်ချေပခဲ့ပြီးနောက် တစ်မှတ်စီ ခွဲယူခဲ့ကြရပြီး ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီက လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ လူကျွံဘောသွင်းဂိုးနဲ့ အနိုင်ယူချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မာနေး ဂိုးသွင်းနိုင်ဖို့အတွက် ဖန်တီးမှုပြုလုပ်ပေးခဲ့တဲ့ ဂျိမ်းစ်မီလ်နာက လူကျွံနေခဲ့တာ ထင်ရှားခဲ့ပေမယ့် စည်းကြပ်ဒိုင်က အချက်ပြမှု မပြုလုပ်ခဲ့ပဲ လီဗာပူးလ်အသင်း ဂိုးရရှိသွားခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ နာကျင်အချိန်ပိုမှာ အော်ရီဂီရဲ့ သွင်းဂိုးနဲ့ အနိုင်ဂိုးရရှိခဲ့ပေမယ့်လည်း လူကျွံနေခဲ့လို့ ဂိုးအဖြစ် သတ်မှတ်မခံခဲ့ရဘူးလို့ Sportskeeda က ရေးသားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ပယ်လီဂရီနီက ၂၀၁၃ ခုနှစ်မှာ ကလော့ပ်နဲ့ ရင်ဆိုင်ခဲ့ရတုန်းက ဖြစ်ရပ်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဝေဖန်ပြောဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။ မာလာဂါ နဲ့ ဒေါ့မွန်တို့မှာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့စဉ်က ရင်ဆိုင်ခဲ့ဖူးတာဖြစ်ပြီး ပယ်လီဂရီနီက သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။
"ကလော့ပ်က လူကျွံဂိုးနဲ့ အနိုင်ယူချင်နေခဲ့တာပါ၊ မာလာဂါ နဲ့ ဒေါ့မွန်တို့ ရင်ဆိုင်ခဲ့တုန်းကလည်း သူတို့အသင်း သွင်းယူခဲ့တဲ့ ဂိုးက (၇)မီတာလောက် လူကျွံနေမှုကနေ ရရှိသွားခဲ့တာပါ၊ ဒီအတွက် သူဘယ်လို စောဒကတက်မှုမှ မရှိခဲ့ပါဘူး" လို့ ပယ်လီဂရီနီက ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်ကို သရေကစားနိုင်ခဲ့တဲ့အတွက်လည်း ပယ်လီဂရီနီက သူ့ရဲ့ အသင်းသားတွေကို ချီးကျူးခဲ့ပါသေးတယ်။
"ဒီပွဲက စွမ်းဆောင်ရည်အတွက် ကျွန်တော် ကျေနပ်မိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲကို ကစားနိုင်ခဲ့လို့ပါ၊ ဒါပေမယ့်လည်း သရေကျခဲ့လို့ စိတ်ပျက်ခဲ့ရပါတယ်၊ သူတို့ရဲ့ သွင်းဂိုးက သိသိသာသာကို လူကျွံနေခဲ့တာပါ" လို့ ပယ်လီဂရီနီက ထပ်မံပြောဆိုသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ လီဗာပူးလ်နဲ့ ပွဲမတိုင်ခင် ကစားခဲ့တဲ့ နောက်ဆုံး (၃)ပွဲလုံးကို ရှုံးနိမ့်ထားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။
"ကျွန်တော်တို့ အခွင့်အရေး (၃)၊ (၄)ကြိမ်လောက်ကို ဆုံးရှုံးခဲ့ပါတယ်၊ အထူးသဖြင့် ပထမပိုင်း (၃၅)မိနစ်လောက်မှာ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာပါ၊ ဒီအတွက် ကျွန်တော်တို့ သရေရလဒ်ပဲ ရရှိခဲ့ပြီး အနိုင်ရရှိခဲ့သင့်တဲ့ပွဲကို အနိုင်မရခဲ့ပါဘူး" လို့လည်း သူက ထပ်ပြောသွားခဲ့ပါတယ်။