FTC မှ ဒေါ်လာ ၆ သန်းနီးပါး ဒဏ်ရိုက်ခံခဲ့ရတဲ့ TikTok ဟာ အခုချိန်မှာ ယူကေအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။
ယူကေနိုင်ငံမှ သတင်းအချက်အလက် ကော်မရှင်နာရုံး ICO ဟာ ကလေးသူငယ်များရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ဖို့ပျက်ကွက်ခဲ့တယ်ဆိုပြီး တရားစွဲခဲ့တာပါ။ ယူကေ ICO ရဲ့ အကြီးအကဲ ဖြစ်သူ အဲလစ်ဇဘတ် ဒန်ဟမ်ရဲ့ အဆိုအရ ယူကေအာဏာပိုင်တွေဟာ TikTok app ရဲ့ စာပို့စနစ်ကို စနစ်ကို စုံစမ်းမှု လုပ်နေတာလို့ဆိုပါတယ်။
Photo: musically
South China Morning Post သတင်းမှာ TikTok app စာပို့စနစ်ဟာ အရွယ်ရောက်သူတွေနဲ့ကလေးသူငယ်တွေကို ဆက်သွယ်ခွင့်ပေးထားတဲ့ အပေါ် စုံစမ်းနေတာလို့ဆိုပါတယ်။ ICO အကြီးအကဲ ဒန်ဟမ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပါလီမန်ကော်မတီမှာ TikTok app ဟာ GDPR စည်းမျဉ်းတွေကို ချိုးဖောက်နိုင်ခြေရှိတယ်လို့ပြောခဲ့ပါတယ်။
" ကျွန်မတို့ကလေးငယ်တွေအတွက် ပွင့်လင်းမြင်သာမှုဆိုင်ရာ tools တွေ ရှိသလား ကြည့်နေပါတယ်။ " လို့ဒန်ဟမ်က ကော်မတီမှာ ပြောပါတယ်။ "အခုက စာပို့စနစ်မှာ ကြည့်နေတာပါ။ ဒီစနစ်က အားလုံးချိတ်ဆက်လို့ရတဲ့ Open စနစ်ကြီး ဖြစ်နေပါတယ်။ ကလေးတွေ အွန်လိုင်းမှာ Share တဲ့ ဗွီဒီယိုတွေကိုလည်း ကျွန်မတို့ကြည့်နေပြီး ဒါနဲ့ပတ်သက်လို့TikTok ကို စုံစမ်းမှု လုပ်နေပါတယ်။ "
Photo: marketwatch
TikTok ကို တရုတ်နည်းပညာကုမ္ပဏီ ByteDance က ပိုင်ဆိုင်တာ ဖြစ်ပြီး ဒီ app ဟာ ဆယ်ကျော်သက်တွေအကြား အတော်လေး ခေတ်စားနေပါတယ်။ တရုတ်မှာ Douyin လို့ခေါ်တဲ့ ဒီ ဗွီဒီယိုပလက်ဖောင်းဟာ ၂၀၁၆ မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး iOS App Store မှာလည်း ၁၅ လဆက်တိုက် ဒေါင်းလုပ်ဆွဲမှု အများဆုံး app ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ လစဉ်သုံးစွဲသူ သန်း ၅၀၀ ကျော် ရှိလာတဲ့ TikTok ဟာ အမေရိကန် ၊ အိန္ဒိယနဲ့အင်ဒိုနီးရှားတို့မှာ စည်းမျဉ်းဥပဒေရေးရာ ပြဿနာများ တက်ထားပါတယ်။ အမေရိကန် ကုန်သွယ်ရေး ကော်မရှင် FTC ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ TikTok ကို ကလေးငယ်တွေဆီက အချက်အလက်တွေ တရားမဝင် ရယူမှုနဲ့ဒေါ်လာ ၅.၇ သန်း ပေးဆောင်ဖို့လည်း အမိန့်ချထားပါတယ်။