ဘာစီလိုနာဟာ နူးကမ့်ကွင်းကို အကြီးစားပြောင်းလဲမှုတွေ ပြုလုပ်နေပြီး အဆိုပါကွင်းထဲက ထိုင်ခုံတွေကို ဖြုတ်ရောင်းနေသလို လက်ရှိမှာလည်း မြက်ခင်းကတစ်ဆင့် စိန်ကို ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာအနေနဲ့ လက်ရှိမှာ ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
အဆိုပါ စိန်တွေကို ကာဘွန်မြက်တွေကတစ်ဆင့် ထုတ်လုပ်မှာဖြစ်ပြီး ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအင်တွေနဲ့အတူ အဆင့်မြင့်နည်းပညာများကို အသုံးပြု ထုတ်လုပ်သွားမှာပါ။ ဒါ့အပြင် ဒီလိုမျိုး စိန်ထုတ်လုပ်တဲ့နေရာမှာလည်း သဘာဝပတ်ဝန်းကျင်ကို လုံးဝမထိခိုက်အောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။
ရရှိလာတဲ့ စိန်တွေကိုလည်း တရားဝင်အသိအမှတ်ပြု လက်မှတ်တွေနဲ့ ရောင်းချသွားမှာဖြစ်ပြီး ကျွမ်းကျင်သူတွေကိုယ်တိုင်က ဖန်တီး ရောင်းချသွားမယ်လို့လည်း စပိန်အခြေစိုက် မွန်ဒိုသတင်းဌာနက ပြောပါတယ်။ စိန်တွေကိုတော့ ၁ ကာရက်၊ ၀.၅ ကာရက်နဲ့ ၀.၁ ကာရက်ဆိုပြီး ရောင်းချသွားမှာပါ။
ဒါ့အပြင် နူးကမ့်ကွင်းမြက်ခင်းပြင်ကနေ ရရှိလာတဲ့ စိန်တွေနဲ့ လည်ဆွဲ၊ ဟန်းချိန်းတွေမှာ အလှဆင်နိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ (၄၃၄) ပေါင်ကနေ အစပြုမယ်လို့ သိရှိရပါတယ်။ ဒီစိန်တွေကိုတော့ နိုဝင်ဘာလ (၁၄) ရက်နေ့ကနေ နိုဝင်ဘာလ (၂၇) ရက်နေ့အထိ ရောင်းချသွားမှာဖြစ်ပါတယ်။