သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာ နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ထဲချဉ်းနင်းဝင်ရောက်တော့မှာပါ။ ၂၀၂ဝခုနှစ်မှာ ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုဒီဇိုင်းတွေ ဆက်ခေတ်စားလိမ့်မလဲ၊ ဘယ်လိုဒီဇိုင်းသစ်တွေ ထပ်ပေါ်လာနိုင်သလဲ၊ ဘယ်လိုအရောင်တွေက တစ်နှစ်ပတ်လုံး မဒီတွေ အဆင်မြန်းဆုံးအရောင်တွေ ဖြစ်လိမ့်မလဲဆိုတာ ဖက်ရှင်ချစ်တဲ့မဒီတွေအတွက်တော့ စိတ်ဝင်စားစရာအကြောင်းအရာတွေပါပဲ။
ဒီ ၂၀၁၉ခုနှစ်မှာတော့ ဟိုအရင် ၁၉၈ဝပြည့်နှစ်က ဖက်ရှင်တွေပြန်ဝတ်ဆင်ခဲ့ကြသလို၊ Wide Leg pant ဘောင်းဘီအောက်အကားတွေ၊ Flare Jeans ခေါင်းလောင်းဘောင်းဘီတွေ၊ Midi စကတ်တွေ၊ နောက် ခါးအမြင့်ဘောင်းဘီအမျိုးအစားတွေ၊ အတွန့်အဖတ်တွေပါတဲ့ ချစ်စရာအင်္ကျီဒီဇိုင်းလေးတွေ၊ ရှုံ့ကြိုးလေးတွေ ရှေ့ပိုင်းအတွန့်အင်္ကျီလေးတွေ၊ ကာလာအစပ်ရှပ်တွေ၊ polka dot အသေးအကြီးစပ်ရှပ်တွေအပြင် ကာတွန်းကာရိုက်တာtee တွေ၊ ရှပ်တွေ၊ Suit အမိုက်စားတွေ စသဖြင့်အရင် ၂၀၁၈မှာခန့်မှန်းခဲ့ကြတဲ့ ဒီဇိုင်းတွေအတိုင်း ထပ်တူနီးပါးကို ဖြစ်ခဲ့တာမို့ ၂၀၂၀ မှာရောဘာတွေခေတ်စားမလဲဆိုတာ ကြည့်လိုက်ကြရအောင်။
(၁) Power Suit များ
အပေါ်၊အောက်တစ်ရောင်တည်း Suit တွေဟာ ၂၀၂ဝမှာ ခေတ်စားဦးမှာပါ။ ကိုယ်နဲ့ fit size မဟုတ်ဘဲ ခပ်ပွပွ ဒီ Suit တွေဟာ ခုကတည်းက တချို့မဒီတွေဝတ်ဆင်နေကြပြီ ဖြစ်ပါတယ်။ Power Suit တွေကို ရွေးတဲ့အခါ အရောင်တောက်တောက်လေးတွေ ပိုရွေးပြီးဝတ်ပါ။ အောက်ခံတီရှပ်၊ ရှပ်မပါဘဲ Suit ချည်းတစ်ထပ်တည်း ဝတ်တာမျိုးတွေက၂၀၂ဝရဲ့ဖက်ရှင်တစ်ခုဖြစ်လာပါလိမ့်မယ်။
(၂)လက်ဖောင်း၊ လက်ဒီဇိုင်းပါတဲ့ အဝတ်အစားများ
လက်ရှည်ကိုမှ လက်ဖောင်းကားကားကြီးတွေ၊ လက်နေရာမှာ ဇာတွေ၊ အတွန့်အဖတ်စတဲ့ ဒီဇိုင်းတွေနဲ့အလှဆင်ထားတဲ့ dress ၊ ဒါမှမဟုတ် ဘလောက်စ်အင်္ကျီ စတာတွေဟာ ၂၀၂ဝမှာ ခေတ်စားမယ့် အဝတ်အစားဒီဇိုင်းတစ်မျိုးပါ။
(၃) ငှက်မွှေး၊ အမျှင်စတာတွေနဲ့ ချုပ်လုပ်ထားတဲ့ အဝတ်အစားများ
အရင်ကပွဲတက်အတွက်သာ ရွေးချယ်လေ့ရှိတဲ့ ငှက်မွှေး နဲ့ အမျှင် အဝတ်အစားဒီဇိုင်းမျိုးတွေကို ၂၀၂ဝမှာတော့ ပေါ့ပေါ့ပါးပါးပိုမိုဝတ်ဆင်လာကြပါလိမ့်မယ်။ သူကချစ်စရာကောင်းတဲ့အပြင် မြင်ရတဲ့သူလည်း ဆန်းတဲ့ ဒီဇိုင်းမို့ တစ်ထည်တော့ရှိထားသင့်ပါတယ်။
(၄) ကာလာစုံလည်သာဒီဇိုင်းများ
လည်သာ၊ ကုတ်၊ ဂျက်ကတ်စတာတွေကို အနက်ရောင်ပဲရွေးချယ်တာ တအားပျင်းဖို့ ကောင်းနေပါပြီ။ လာမယ့် ၂၀၂ဝမှာလည်း အဲ့ဒီလို အနက်ရောင်ထက် အဖြူ၊ အညို၊ အဝါ၊ အစိမ်း၊ အပြာ စတဲ့ကာလာတွေ လည်သာဒီဇိုင်းတွေက ပိုမိုခေတ်စားလာမှာမို့ လည်သာဆိုရင် ကာလာအဆန်းလေးတွေကိုသာ ရွေးလိုက်ပါ။
(၅) ဘလေဇာဒီဇိုင်းဆန်းများ
၂၀၁၉မှာ ဘလေဇာအကွက်တွေ တော်တော်လေး hot ဖြစ်ခဲ့သလို ၂၀၂ဝမှာလည်း ဘလေဇာဒီဇိုင်းဆန်းတွေ ဆက်ခေတ်စားဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အကွက်မှာမှ လက်နေရာက တခြားကာလာတစ်ခုနဲ့စပ်ထားတဲ့ ဒီဇိုင်းတွေ၊ ကျောနေရာမှာ တခြား ပွင့်ရိုက်ဒီဇိုင်းနဲ့ပေါင်းပြီးဖန်တီးထားတဲ့ ဒီဇိုင်းတွေ ၊ ဘလေဇာပေါ် ပန်းထိုးဒီဇိုင်းတွေ ပိုခေတ်စားလာပါလိမ့်မယ်။
(၆) One-Shoulder အင်္ကျီဒီဇိုင်းများ
ပခုံးတစ်ဖက်သာပါတဲ့ အင်္ကျီဒီဇိုင်းဆန်းလေးတွေကလည်း ၂၀၁၉ကုန်ခါနီးကနေစပြီး ၂၀၂ဝအတွင်း ဆက်ခေတ်စားဦးမယ့် ဒီဇိုင်းတွေဖြစ်ပါတယ်။
(၇) Wide-Leg pant ဘောင်းဘီဒီဇိုင်းများ
၂၀၁၉တောက်လျှောက် မဒီတွေနှစ်ခြိုက်စွာဝတ်ခဲ့တဲ့ ဘောင်းဘီအောက်ကားတွေဟာ ၂၀၂ဝမှာလည်း မဒီတွေသဘောကျဆက်လက်ရွေးချယ်ဦးမယ့် ဒီဇိုင်းပဲဖြစ်ပါတယ်။ ဘောင်းဘီအသားအနေနဲ့ jeans အပြင် အခြား အကွက်တွေ၊ လည်သာသားတွေနဲ့ ပိုထူးခြားတဲ့ဒီဇိုင်းတွေ စျေးကွက်ထဲဝင်လာပါလိမ့်မယ်။
(၈) Boot ဖိနပ်များ
မဒီတွေအသည်းစွဲ သဘောကျတဲ့ Boot ဖိနပ်တွေထဲမှာ Ankle Boots တွေ၊ Dr.Martens Boots၊ Chelsea Boots ဖိနပ်တွေအပြင် ၂၀၂ဝမှာတော့ Cowboy Boots တွေ ပိုခေတ်စားလာမှာပါ။ Cowboy Boots တွေကို Dress တွေနဲ့ တွဲဝတ်တဲ့ဖက်ရှင်ဟာ ၂၀၂၀ ဖက်ရှင်တွေထဲက တစ်ခုဖြစ်လာမှာပါ။
(၉) Accessories
အဆင်တန်ဆာတွေအနေနဲ့ကတော့ ကာလာတောက်တဲ့ အဆင်တန်ဆာတွေကို ၂၀၂ဝမှာ ပိုဆင်မြန်းလာကြပါလိမ့်မယ်။ ဒါ့အပြင် အစိမ်းနဲ့အပြာ အရောင်စပ်တွေ၊ အဝါနဲ့အပြာအရောင်စပ်တွေ၊ လိမ္မော်နဲ့အနီ စတဲ့အရောင်စပ် အဆင်တန်ဆာတွေကို လက်ဝတ်လက်စားသာမက ခေါင်းစည်း၊ ကလစ်၊ ဘီးကုတ်၊ scarf အပြင် အိတ်တွေအထိပါ အရောင်စပ် အရောင်တောက်လေးတွေပဲ ရွေးချယ်လာကြမှာပါ။
(၁၀) အရောင်တောက်နဲ့အရောင်ဆန်းများ
၂၀၂ဝမှာ ခေတ်စားမယ့်အရောင်တွေကတော့ အစိမ်းတောက်တောက်၊ စိမ်းပြာရောင်၊ အပြာရောင်၊ လိမ္မော်တောက်တောက် နဲ့ အနီရောင်တွေပဲ ဖြစ်ပါတယ်။ ဒီအရောင်တွေကို ဝတ်နေကျမဟုတ်ရင်တောင် စိတ်အပြောင်းအလဲလည်း ဖြစ်စေမယ်၊ ဆင်မြန်းဝတ်ဆင်နေကျ မဟုတ်တဲ့အတွက် ကိုယ့်ကိုဆန်းသစ်မှု တစ်ခုလည်း ပေးနိုင်တဲ့ အရောင်တွေဖြစ်တာမို့ ရွေးချယ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Share