ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က လက်ရှိအသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုတယောက် အရံခုံထိုင်နေရတဲ့အပေါ် စိတ်ပျက်လက်ပျက် ဖွင့်ဟသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်က ပရီးမီးယားလိဂ်ပွဲစဥ် (၄) ပွဲ ကစားပြီးသွားပါပြီ။

ဒီ (၄) ပွဲမှာ ရော်နယ်ဒိုက တပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ကျန်ပွဲတွေမှာတော့ အရံခုံကနေသာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အထူးသဖြင့် လီဗာပူး၊ ဆောက်သမ်တန်တို့ကို အနိုင်ရရှိခဲ့တဲ့ပွဲတွေမှာ ရော်နယ်ဒိုက ပွဲပြီးခါနီးမှသာ ဝင်ကစားခွင့်ရခဲ့ပြီး သူ့အတွက် ယူနိုက်တက်အသင်းဖော်ဟောင်း ဖာဒီနန်က စိတ်ပျက်နေတာပါ။

ဖာဒီနန်က “ရော်နယ်ဒို အသင်းမှာ ဆက်ရှိမလား၊ မရှိဘူးလားဆိုတာ ဘယ်သူမှမသိဘူးလေ။ ဒါပေမယ့် ရော်နယ်ဒိုအကြောင်းကို သိတဲ့သူအနေနဲ့ ပြောနိုင်တာက ရော်နယ်ဒို အခုချိန်မှာ ဒေါသပေါက်ကွဲနေမယ်ဆိုတာပါပဲ။ ဘယ်သူက သူ့ကိုကျော်ပြီး ပွဲထွက်ခွင့်ဆိုတာကို စဥ်းစားစရာမလိုဘဲ ရော်နယ်ဒို ပွဲထွက်ခွင့်မရဘဲ အရံခုံထိုင်နေရတာကိုပဲ စဥ်းစားရမှာပါ”
“သူ့ရဲ့ ကစားသမားဘဝတလျှောက် စွမ်းဆောင်ခဲ့သမျှ အရာတွေကို ခင်ဗျားတို့ လိုက်မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူက အခုဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အသင်းတသင်းမှာတောင် အရံခုံထိုင်နေရပါပြီ။ ရော်နယ်ဒိုက ဒီအတွက် တည်ဆောက်ထားတဲ့ ကစားသမားမဟုတ်ပါဘူး။ သူ့ကိုလည်း အသက် (၃၇) နှစ်ရောက်မှ ပြောင်းလဲပစ်လို့မရပါဘူး။ သူက (၂၁) နှစ်သားတည်းက ဒီလိုမျိုးပါ”
“ပွဲမစခင်မှာ ကျနော် ပေါလ်စခိုးလ်နဲ့ ဒီအကြောင်းကိုတောင် ပြောခဲ့ပါသေးတယ်။ နောက်ပြီး ကျနော်တို့ ခေတ်တုန်းက ဒေးဗစ်ဘက်ခမ်းလည်း ပွဲတော်တော်များများမှာ အရံခုံထိုင်ခဲ့ရလို့ ဒေါသပေါက်ကွဲခဲ့ရပါသေးတယ်။ ကြယ်ပွင့်ကစားသမားတွေက မတူကွဲပြားမှုတွေနဲ့ တည်ဆောက်ထားတာပါ။ ကြယ်ပွင့်တွေက သူတို့ ပုံစံမကောင်းတာကို လက်မခံပါဘူး။ သူတို့ရဲ့အောင်မြင်မှုနဲ့ ယုံကြည်ချက်အပေါ် အရမ်းစိတ်နှစ်ထားတာကြောင့် သူတို့ကိုယ်သူတို့ ကျရှုံးတယ်လို့ မမြင်ကြပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။