မက်ဆီကတော့ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့ပြီး မက္ကာဘီဟိုင်ဖာကို အနိုင်ရရှိခဲ့တဲ့ မနေ့ညက ပွဲစဥ်မှာ ချန်ပီယံလိဂ် စံချိန်သစ်တွေ တင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက မက္ကာဘီဟိုင်ဖာရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် မက်ဆီ၊ အမ်ဘာပေ၊ နေမာတို့ရဲ့ ဂိုးတွေကြောင့် အဝေးကွင်းမှာ နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီက လူစုံတက်စုံပဲ ပွဲထွက်လာခဲ့တာဖြစ်ပြီး ပွဲကစားချိန် (၂၃) မိနစ်မှာ ပြိုင်ဘက်ကစားသမား ချီရီရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် အမ်ဘာပေ ဂိုးရှေ့ခင်းပေးလိုက်တဲ့ဘောလုံးကို နောက်တန်းရှင်းထုတ်ရာကတဆင့် မက်ဆီက ပိတ်သွင်းပြီး ပီအက်စ်ဂျီတို့ ချေပဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးဟာ မက်ဆီအတွက်တော့ အဓိပ္ပာယ်ရှိတဲ့ သွင်းဂိုးတဂိုးဖြစ်ခဲ့ပါတယ်။

မက်ဆီအနေနဲ့ ဒီသွင်းဂိုးကြောင့် ချန်ပီယံလိဂ်မှာ (၁၈) ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်တခုကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ စံချိန်တခုကိုလည်း ဒီသွင်းဂိုးကြောင့်ပဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ်မှာ မတူညီတဲ့အသင်းပေါင်း (၃၉) သင်းကို ဂိုးသွင်းယူနိုင်တဲ့ စံချိန်တရပ်ကို ရရှိခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုတင်ထားတဲ့ ချန်ပီယံလိဂ်မှာ မတူညီတဲ့အသင်း (၃၈) သင်းကို ဂိုးသွင်းထားတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီက ဒုတိယပိုင်းမှာ အမ်ဘာပေသွင်းယူခဲ့တဲ့ အနိုင်ဂိုးအတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ပွဲအပြီးမှာတော့ ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုအဖွင့် နှစ်ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အုပ်စုအဖွင့်ပွဲမှာလည်း အဓိကပြိုင်ဘက် ဂျူဗင်တပ်စ်ကို အမ်ဘာပေရဲ့ ဂိုးတွေနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အခု မက်ဆီရဲ့ စံချိန်ကတော့ ရော်နယ်ဒိုအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားခွင့်မရဘဲ ယူရိုပါလိဂ်သာ ကစားခွင့်ရခဲ့တာပါ။ သူ့ရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုတွေကို မက်ဆီ ကျော်တက်သွားမှာစိုးရိမ်တာကြောင့် ဒီပေါ်တူဂီတိုက်စစ်မှူးက ပြီးခဲ့တဲ့နွေရာသီမှာ အသင်းပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်မှာသာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။