ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက အသင်းရဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်တစ်ယောက် ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ အင်္ဂလန်အတွက် နှစ်ပွဲဆက်တိုက် ပါဝင်ကစားပေးခဲ့တဲ့အပေါ် အံ့အားသင့်နေကြောင်း ပြောကြားခဲ့ပါတယ်။ ချီဝဲလ်ဟာ ဒူးဒဏ်ရာကနေ ပြန်လာပြီးနောက်ပိုင်း အခုလိုမျိုး အင်္ဂလန်အတွက် ပြန်ကစားပေးခဲ့တာပါ။
ဒါပေမယ့် ဒီဘယ်နောက်ခံလူက ချဲလ်ဆီးအတွက် မတ်လ (၂) ရက်နေ့၊ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ နောက်ဆုံး ပါဝင်ကစားပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အသင်းအတွက် မိနစ်အနည်းငယ်သာ ကစားပေးနိုင်တော့ပြီး နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် လက်စတာနဲ့ အက်ဖ်အေဖလားပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ရှိခဲ့ပါတယ်။
ဒီလိုမျိုး ချီဝဲလ်က ဘရာဇီးနဲ့ပွဲမှာ အင်္ဂလန်အတွက် (၆၇) မိနစ်၊ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားပေးသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပိုချက်တီနိုက “ချီဝဲလ်တစ်ယောက် ဘရန့်ဖို့ဒ်နဲ့ပွဲပြီးကတည်းက မကစားရတော့ပါဘူး။ ပြီးတော့ လက်စတာနဲ့ပွဲမှာမှ မိနစ် အနည်းငယ် ကစားပေးခဲ့ပါတယ်”
“ပြီးလည်းပြီးရော သူက အင်္ဂလန်အတွက် နှစ်ပွဲတောင် ပွဲထွက်ကစားပေးခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အံ့အားသင့်စရာပါပဲ။ ဒါပေမယ့်လည်း ကံဆိုးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဒဏ်ရာပြန်ရခဲ့ပြီး သူ ကစားနိုင်၊ မကစားနိုင်ဆိုတာကို ကျွန်တော်တို့ ပြန်ပြီး အကဲဖြတ်ရပါတော့မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘင်ချီဝဲလ်ဟာ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့သာ အမြဲတမ်း ရုန်းကန်နေရတာဖြစ်ပါတယ်။ အထူးသဖြင့် ဒူးဒဏ်ရာတွေ၊ နောက်ကျောဒဏ်ရာတွေက ချီဝဲလ်ကို တောက်လျှောက်ဒုက္ခပေးခဲ့ပြီး မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ အမြဲတမ်း ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။