ရှေ့ပွဲမှာ ချဲလ်ဆီးရှုံးနိမ့်ခဲ့တာကြောင့် ဒါကို အခွင့်ကောင်းယူဖို့ လီဗာပူးတို့ အားစိုက်ခဲ့ပါတယ်။ အသင်းက ပုံမှန်ခြေစွမ်းပြသနေတဲ့ လူစာရင်းအတိုင်းပဲ ရှေ့လယ်နောက် နေရာစုံမှာ လူစုံတက်စုံ ပါဝင်လာခဲ့ပါတယ်။

ဝုလ်ဗ်ကလည်း နောက်ဆုံး (၄) ပွဲမှာ (၁) ဂိုးပဲသွင်းနိုင်ခဲ့ကာ ဂိုးမိုးခေါင်နေတဲ့ အသင်းဖြစ်ပြီး ဒီပွဲမှာလည်း တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ထရာအိုရေး၊ ဟီမီနက်ဇ်၊ ဟွမ်ဟီချန်းတို့အကြား အချိတ်အဆက်ပျောက်နေတာကြောင့် လီဗာပူးခံစစ်က အခက်အခဲ အများကြီးမရှိခဲ့ပါဘူး။

လီဗာပူးက ဆက်တိုက်ဖိအားပေးဖို့ ကြိုးစားနေပေမယ့် ဝုလ်ဗ်ခံစစ်တန်းကလည်း ကြံ့ကြံ့ခံကာကွယ်ခဲ့ပြီး ပထမပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးရနိုင်တဲ့အပိုင်အခွင့်အရေးတွေမရှိသလောက်ဖြစ်ခဲ့ပါတယ်။ လီဗာပူးက ဂိုးပေါက်ကန်သွင်းခွင့်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဝုလ်ဗ်ခံစစ်တန်းကို ဖြိုချဖို့ လုံလောက်တဲ့ထက်မြက်မှုတွေကို ဒီပွဲမှာမမြင်တွေ့ခဲ့ရပါဘူး။
ဆာလာခြေသိပ်မပေါ်ခဲ့သလို မာနေးတယောက်တည်း ရုန်းကန်နေရပြီး ဂျိုတာကလည်း အပိုင်အခွင့်အရေးကြီးကို လွဲချော်ခဲ့ပါတယ်။ ဝုလ်ဗ်က အဒမ်မာထရာအိုရေးရဲ့ တိုးအား၊ ရုန်းအားတွေကို အသုံးချပြီး တန်ပြန်တိုက်စစ်နဲ့ လီဗာပူးကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ပါဘူး။
ပြောစရာဖြစ်ခဲ့တာက ဂျိုတာရဲ့ အပိုင်အခွင့်အရေးလွဲချော်မှုပါပဲ။ အခုဆိုရင် အသင်းဟောင်းမို့လို့ မသွင်းတာလား၊ ဝုလ်ဗ်မှာ ပေါ်တူဂီသားအချင်းချင်းစုနေလို့ တည့်တည့်ကြီး ကန်ချလိုက်တာလားဆိုပြီး လှောင်ပြောင်ခံနေရပါပြီ။ တကယ်တမ်းမှာလည်း ဒီအလုံးက တော်တော်လေးကို နှမြောဖို့ကောင်းတဲ့ အခွင့်အရေးကြီးပါ။
သရေရလဒ်နဲ့ပဲ ပွဲပြီးတော့မယ်လို့ အားလုံးထင်နေချိန် နာကျင်အချိန်ပိုမှာတော့ လီဗာပူးတို့ တလုံးတည်းသောအနိုင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဆာလာခင်ပေးတာကတဆင့် လူစားဝင်တိုက်စစ်မှူး အိုရီဂီက တချက်ထိန်းပြီး ကန်သွင်းယူသွားခဲ့တာပါ။
တချိန်တည်းကစားခဲ့တဲ့ အခြားသောပွဲစဥ်တွေမှာတော့ ဆောက်သမ်တန်နဲ့ဘရိုက်တန်က တဖက်တဂိုးစီသရေ၊ နယူးကာဆယ်က ဘန်လေကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပါတယ်။