ယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က လာမယ့်တနင်္ဂနွေညမှာ ကစားမယ့် ချဲလ်ဆီးနဲ့ပွဲမှာ အနိုင်ကစားဖို့အတွက် အစီအစဥ်တွေရေးဆွဲထားပြီးသားလို့ ဖွင့်ဟပြောကြားလာပါတယ်။ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက်ပိုင်း ယူနိုက်တက်တို့ ကာရစ်ကို ယာယီနည်းပြအဖြစ် အသင်းကိုထိန်းသိမ်းစေတာပါ။

ကာရစ်ဟာ သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲမှာ ကစားရခက်တဲ့ ဗီလာရီးရဲယ်ကို အဝေးကွင်းမှာ ၀-၂ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကာရစ်က ဆန်ချိုကို ညာတောင်ပံမှာ အသုံးပြုခဲ့တာအပါအဝင် အသင်းက ကစားသမားတွေကို လူမှန်၊ နေရာမှန် အသုံးပြုခဲ့တယ်လို့ဆိုရမှာပါ။

ဆန်ချိုက အဲ့ဒီပွဲမှာ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သလို ဖရက်ဒ်ကလည်း ဒုတိယပိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ အခုချိန်မှာလည်း ကာရစ်က ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့်အပေါ်မှာ အခုလိုပဲ သုံးသပ်ပြောကြားခဲ့ပါတယ်။
ကာရစ်က “ကျနော်တို့ဆီမှာ အစီအစဥ်တွေရှိပြီးသားပါ။ ပွဲတိုင်း၊ ပွဲတိုင်းကို ကျနော်တို့က အစီအစဥ်တကျနဲ့ပဲ ချဥ်းကပ်ခဲ့ပါတယ်။ ကျနော်တို့ ကြိုးစားကြမယ်၊ နည်းလမ်းတွေလည်းရှာမယ်၊ အင်္ဂါညကလိုမျိုး အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်မျိုးရဖို့ အဝေးကွင်းကို သွားမှာပါ”
“ကျနော်တို့ ဗီလာရီးရဲယ်ကွင်းကို အနိုင်ကစားဖို့ သွားခဲ့တာဖြစ်ပြီး အခု လာမယ့် ချဲလ်ဆီးနဲ့ပွဲမှာလည်း ဒီလိုပဲဖြစ်နေရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာတော့ လက်ကျန်ရာသီကာလအတွက် ရန်းနစ်ဂ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ပြီးပါပြီ။
ရန်းနစ်ဂ်ဟာ အလုပ်လုပ်ခွင့်ပါမစ်ကြောင့် ချဲလ်ဆီးနဲ့ပွဲအမှီ ယူနိုက်တက်ကို ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုမျိုး ရန်းနစ်ဂ်ကို ခန့်အပ်ခဲ့တဲ့အပေါ်မှာလည်း ကာရစ်က သူ့ရဲ့အနေအထားအပေါ် ဘာမှအကျိုးသက်ရောက်မှုမရှိဘဲ ချဲလ်ဆီးနဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားတယ်လို့ဆိုထားပါတယ်။