ဂျူဗင်တပ်စ်အသင်းခေါင်းဆောင် ဘိုနူချီက ဒီကနေ့ည ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီနဲ့ ပတ်သက်လို့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကို အသင်းလိုက်အားနဲ့ ရပ်တန့်ရမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး (၆) ပွဲကစားပြီး ရမှတ် (၁၆) မှတ်နဲ့ ပြင်သစ်လီဂူး အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။
ဒါ့အပြင် တိုက်စစ်ပိုင်းကလည်း (၂၄) ဂိုးအထိ သွင်းယူထားပြီး မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်က ဆက်တိုက်ကို ခြေစွမ်းပြနေခဲ့တာပါ။ ဒီလိုမျိုး နာမည်ကျော်တိုက်စစ်သုံးယောက်ကို ရင်ဆိုင်ရမယ့်အပေါ် ဘိုနူချီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောပြခဲ့ပါတယ်။ ဘိုနူချီက “အမ်ဘာပေက ထူးချွန်ကောင်းမွန်တဲ့ ကစားသမားပါ”
“ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက်ဖြစ်လာဖို့အတွက်လည်း သူ့မှာ အရာအားလုံး ပိုင်ဆိုင်ထားပါတယ်။ အနာဂတ်ရော၊ အသက်ရောက သူ့ဘက်ကမှာပဲရှိနေပါတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ စကားပြောပုံဆိုပုံ၊ ရင့်ကျက်လာပုံတွေကလည်း ဒါကို သက်သေပြနေပါတယ်။ အမ်ဘာပေနဲ့ ရင်ဆိုင်ရတာက ခက်ခဲပါလိမ့်မယ်”
“မက်ဆီနဲ့ ရင်ဆိုင်ရတာလည်း ခက်ခဲပါတယ်။ နေမာနဲ့ ရင်ဆိုင်ရမယ့်ကိစ္စကလည်း ခက်ခဲကြမ်းတမ်းပါလိမ့်မယ်။ ပီအက်စ်ဂျီကို ရင်ဆိုင်ရတာကလည်း ခက်ခဲကြမ်းတမ်းတဲ့ပွဲတပွဲ ဖြစ်လာပါလိမ့်မယ်။ သူတို့ကို ရပ်တန့်ဖို့ဆိုရင် ကျနော်တို့အတွက် အသင်းလိုက်ပုံစံကောင်းပြသဖို့ လိုအပ်ပါတယ်။ အသက် (၃၅) နှစ်မှာ ချန်ပီယံလိဂ်ဆိုတာက စိတ်ဓာတ်လှုံ့ဆော်မှုတခုပါ”
“ကျနော်က အသင်းခေါင်းဆောင်တယောက်အနေနဲ့ ဥပမာကောင်းဖြစ်ချင်ပြီး ဂျူဗင်တပ်စ်ကိုလည်း သူတို့နဲ့ ထိုက်တန်တဲ့နေရာတခုဆီ ပို့ဆောင်ပေးချင်ပါတယ်။ လှပပြီး ရှုပ်ထွေးမယ့်ပွဲတပွဲအတွက် ကျနော်တို့ သေချာပေါက် အဆင်သင့်ဖြစ်ရပါမယ်။ ဒီပွဲကိုလည်း မှန်ကန်တဲ့ပျော်စရာတွေနဲ့ ချဥ်းကပ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။