အာဆင်နယ်အသင်းကနေ ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အမ်ခီတာယန်းက ၎င်းရဲ့အပြောင်းအရွှေ့ဟာ ကြီးမားတဲ့အခွင့်အလမ်းဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ကြီးမားတဲ့အသင်းတစ်သင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Football.london က ဖော်ပြခဲ့ပါတယ်။
အာမေးနီးယားလက်ရွေးစင်ကြယ်ပွင့် အမ်ခီတာယန်းဟာ အမ်းမရိတ်မှာ ပွဲထွက်ခွင့်အတွက် နောက်ချန်ခံခဲ့ရပြီးနောက် ရိုးမားအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူရာမှာ တစ်စိတ်တပိုင်းအဖြစ် ထည့်သွင်းခြင်းခံခဲ့ရတဲ့ အမ်ခီတာယန်းဟာ မြောက်လန်ဒန်မှာလည်း ခြေစွမ်းကောင်း ပြသနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အမ်ခီတာယန်းဟာ အာဆင်နယ်အသင်းအတွက် ၅၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တော့တင်တမ်ဟော့စပါးအသင်းနဲ့ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ် ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် နောက်ဆုံးပါဝင်ကစားခဲ့သူဖြစ်ပါတယ်။
“ကျွန်တော့်အတွက် ကြီးမားတဲ့အသင်းနဲ့အတူ အခန်းကဏ္ဍသစ်ကို စတင်ဖို့ ကြီးမားတဲ့အခွင့်အလမ်းရခဲ့တာပါ”
“ဒီအသင်းအကြောင်းအားလုံးကို ကျွန်တော် သိနေပြီး ကျွန်တော်တို့ အတူတူကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်ဆိုတာ ကျွန်တာ် သေချာပါတယ်”လို့ ရိုးမားအသင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။
အမ်ခီတာယန်းဟာ ရိုးမားအသင်းမှာ ကျောနံပါတ် ၇၇ ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပြီး အာဆင်နယ်အသင်းမှာ ရရှိခဲ့တဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းအတိုင်းပဲ ရိုးမားအသင်းက ဆက်လက်ပေးချေသွားမယ်လို့ သိရပါတယ်။