နည်းပြက လူစားလဲခဲ့ပေမယ့် ကီပါက ကွင်းအတွင်းက မထွက်ပဲ ဆက်ကစားဖို့ ပြောဆိုခဲ့တာကြောင့် လာမယ့်ပွဲမှာ အရန်အဖြစ်ရှိနေတော့မယ်လို့ မီဒီယာတွေက ထင်ကြေးပေးနေတဲ့အပေါ် နည်းပြဆာရီက ပြန်လည်ဖြေရှင်းခဲ့တာပါ။
မနေ့ညက မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ လူစားလဲဖို့ ငြင်းဆန်ခဲ့တဲ့ ကီပါကို တစုံတရာ အရေးယူဖို့ မရှိပါဘူးလို့ နည်းပြဆာရီက Evening Standard သတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် ကီပါအနေနဲ့ ပင်နယ်တီကစားဖို့၃ မိနစ်ခန့်သာလိုတော့ချိန်မှာ နည်းပြဆာရီက ပင်နယ်တီကာကွယ်ဖို့ နောက်ထပ် ဂိုးသမား ကာဘယ်လာရိုနဲ့ လူစားလဲခဲ့တာပါ။ ဒီအချိန်မှာ ကီပါက သူ့ကို လူစားမလဲစေပဲ ပင်နယ်တီကို သူကိုယ်တိုင်ပဲ ဆက်လက် ကာကွယ်မယ်ဆိုပြီး ကွင်းအတွင်းက မထွက်ပဲ ပေကပ်နေခဲ့တာပါ။
ဒီအပေါ်မှာ နည်းပြ ဆာရီ ဒေါသထွက်ပေါက်ကွဲခဲ့ပြီး လက်ထောက်နည်းပြ ဇိုလာကလည်း ကွင်းအတွင်းက ထွက်လာဖို့ ပြောခဲ့သေးပေမယ့် မရခဲ့ပါဘူး။ နောက်ဆုံးမှာ လက်လျော့ပြီး ကီပါကိုပဲ ကွင်းထဲမှာ ဆက်ဖမ်းခိုင်းခဲ့ပြီး လူစားဝင်ဖို့ လုပ်ခဲ့တဲ့ ကာဘယ်လာရိုကို တော့ အရန်ခုံမှာသာ ဆက်လက်ထိုင်ခိုင်းခဲ့ရပါတယ်။
အခုလို နည်းပြရဲ့ လုပ်ဆောင်ချက်အပေါ်လိုက်နာခြင်းမရှိပဲ ပြုမူခဲ့လို့ ကီပါကို နောက်လာမယ့်ပွဲတွေမှာ နည်းပြဆာရီက အရန်ခုံပေါ်ပို့တော့မယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအပေါ်မှာ နည်းပြဆာရီက အခုလို ပြန်လည် ဖြေရှင်းခဲ့တာလို့ သိရပါတယ်။
“ ကီပါအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံနေတဲ့ စပါးနဲ့ပွဲကိုလည်း ပွဲထွက်ဂိုးသမားအဖြစ် ကစားသွားမှာပါ။ သူ့ကို အရန်ခုံပို့ဖို့ စိတ်ကူးမရှိပါဘူး။ တစုံတရာ ပြစ်ဒဏ်ချမှတ်ဖို့လည်း မရှိပါဘူး။” လို့ ဆာရီက Evening Standard သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
ကီပါအနေနဲ့ ဒီနှစ်မှာမှ ပြောင်းရွှေ့ကြေး ပေါင် ၇၁.၆ သန်းနဲ့ ချဲလ်ဆီးကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပွဲအပြီးမှာတော့ အခုလို နည်းပြနဲ့ ကစားသမားကြား နားလည်မှု လွဲမှားခဲ့ခြင်းအပေါ် ဆာရီရော ကီပါကပါ ဖြေရှင်းခဲ့ကြတယ်လို့ သိရပါတယ်။
ဆာရီက သူ့အနေနဲ့ ဂိုးသမား ကီပါ ကြွက်သားဒဏ်ရာ တစ်ခုခု ရနေလောက်တာကြောင့် အနားယူဖို့ လိုပြီလို့ တွေးပြီး လူစားလဲဖို့ စဉ်းစားခဲ့ခြင်းဖြစ်ကြောင်းနှင့် အခုလို နားလည်မှု လွဲခဲ့တာအတွက်လည်း ဘာမှ ဖြစ်စရာ မရှိဘူးလို့ ဆိုခဲ့ပါတယ်။