တောင်ကိုရီးယားနည်းပညာကုမ္ပဏီ LG ဟာ COVID-19 ကပ်ကာလနဲ့ လိုက်ဖက်တဲ့ နည်းပညာအသုံးအဆောင်တစ်မျိုးကို IFA 2020 ပွဲမှာ မိတ်ဆက်ပြသသွားပါတယ်။
ဘာလင်မှာ ကျင်းပတဲ့ IFA 2020 နည်းပညာကုန်စည်ပြပွဲမှာ LG ဟာ ဝတ်ဆင်နိုင်တဲ့ လေသန့်မျက်နှာကာပစ္စည်းတစ်မျိုးကို မိတ်ဆက်ပြသခဲ့တာပါ။ ဒီအီလက်ထရွန်းနစ် Mask ကို LG PuriCare Wearable Air Purifier လို့ နာမည်ပေးထားပါတယ်။ အထဲမှာ လျှပ်စစ်ပန်ကာတွေနဲ့ HEPA filters လေသန့်စနစ်တွေ ထည့်ပေးထားပါတယ်။

Photo : The Ver
PuriCare လေသန့် mask ထဲမှာ H13 HEPA filters နှစ်ခု ပါရှိပါတယ်။ ဒီလေစစ်တွေဟာ ကုမ္ပဏီရဲ့ အိမ်သုံး လေသန့်ထုတ်ကုန်တွေမှာ သုံးတဲ့ filters နဲ့ ဆင်ပါတယ်။ ဒီ Mask မှာ Dual Fans နှစ်လုံးနဲ့ အသက်ရှုအာရုံခံစနစ် ပါရှိပြီး လေသန့်စက်ဟာ အသက်ရှုသွင်းလိုက်တဲ့ လေကို သန့်စင်ပေးသွားမှာပါ။
အာရုံခံ sensors တွေဟာ ဝတ်ဆင်သူရဲ့ အသက်ရှုပုံစံနဲ့ ပမာဏကို သိရှိပြီး dual three-speed fans နဲ့ ချိန်ညှိပေးမှာပါ။ ဒီပန်ကာ fans တွေဟာ လိုအပ်သလို ရှုလိုက်တဲ့ လေကို အရှိန်လိုက်မြှင့်ပေးနိုင်သလို သက်တောင့်သက်သာ ရှုထုတ်နိုင်စေဖို့လည်း ကူညီပေးနိုင်မယ်လို့ ဆိုပါတယ်။
Photo: The Verge
LG ရဲ့ အဆိုအရ ဒီ Mask ဟာ နှာခေါင်းနဲ့ မေးစေ့နေရာတွေမှာ လေစိမ့်မှု အဖြစ်နည်းအောင် ဒီဇိုင်းထုတ်ထားပြီး နာရီပေါင်းများစွာ သက်တောင့်သက်တာ ဝတ်ဆင်နိုင်အောင် လုပ်ထားတယ်လို့ ဆိုပါတယ်။ LG PuriCare Wearable Air Purifier ဟာ 820mAh ဘက်ထရီ သုံးထားပြီး low mode မှာ ၈ နာရီနဲ့ high mode မှာ ၂ နာရီအထိ အသုံးခံမယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။
ဒီ Mask ထည့်သွားလို့ရမယ့် case တစ်ခုလည်း ပါပြီး Mask ကို ပိုးသတ်ပေးဖို့ UV-LED lights များ ၊ အားသွင်းစနစ်နဲ့ ဖုန်းပေါ်က LG ThinQ Mobile app ဆီကို Noti များလည်း ပေးပို့နိုင်မယ်လို့ဆိုပါတယ်။ ဒီ Mask ရဲ့ ဈေးနှုန်းနဲ့ မိတ်ဆက်မယ့်ရက်ကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။