အခြေခံပညာကျောင်းတွေပြန်ဖွင့်တဲ့အခါမှာ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှုမရှိတဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ရောဂါထိန်းချုပ်ရေး ဥပဒေနဲ့ အရေးယူမယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ဇူလိုင်လ(၂၁)ရက်နေ့ကစပြီး အခြေခံပညာကျောင်းတွေကို အထက်တန်းအဆင့်က စတင်ဖွင့်လှစ်မှာဖြစ်ပြီး လိုက်နာရမယ့် စည်းကမ်းချက်များကို အသေးစိတ်ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဒီစည်းကမ်းချက်တွေက အခြေခံပညာကျောင်းတွေသာမက ပုဂ္ဂလိကကျောင်းတွေအပါအဝင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေပါ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။
“ ဇူလိုင်(၂၁)ရက်မှာ ကြိုတင်ပြင်ဆင်တာတွေအကုန်လုံးပြီးသွားတဲ့အတွက် အထက်တန်းအဆင့်တွေကိုဖွင့်တာပါ။ ပုံစံ (၄)မျိုးလောက်နဲ့ ကျောင်းအလိုက်သူ့ အစီအစဉ်နဲ့သူသွားမယ်။ အထက်တန်းအဆင့်တွေဖွင့်ပြီး (၂)ပတ်ပြည့်လို့ (၃)ပတ်မြောက်မှာ အလယ်တန်းအဆင့်တွေကိုဖွင့်မယ်။ ပြီးမှာ မူလတန်းအဆင့်ကိုဖွင့်မှာဆိုတော့ (၃)သုတ်ခွဲပြီးဖွင့်မှာပါ။ အဲဒီလိုကျောင်းတွေပြန်ဖွင့်တဲ့ အခါမှာလည်း ချမှတ်ထားတဲ့ စည်းကမ်းတွေက ပုဂ္ဂိလကျောင်းတွေရော၊ ဘကကျောင်းတွေရော လိုက်နာရမှာဖြစ်ပြီး စည်းကမ်းပျက်ကွက်မှုတွေရှိရင်တော့ အရေးယူမှုတွေလည်းရှိပါတယ်” လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။
ယခင်မူလက အခြေခံပညာကျောင်းတွေကို မူလတန်းအဆင့်ကစတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်နဲ့ အထက်တန်းအဆင့်ကနေ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ (၁)ရက်နေ့မှာ ကျောင်းတွေဖွင့်ဖို့ အခြေခံပညာကျောင်းတွေမှာတော့ စာသင်ခုံတွေကို သတ်မှတ်အကွာအဝေးတိုင်းပြင်ဆင်ခြင်း၊ ကျောင်းအဝင်နဲ့ စာသင်ခန်းအဝင်ေတွေမှာ လက်ဆေးဖို့အတွက်ဆောင်ရွက်ခြင်းတွေအပါအဝင် ရောဂါထိန်းချုပ်ရေးမှာ အခြေခံကျတဲ့ အချက်တွေကို ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးတို့က စီမံချက်တွေထုတ်ထားပြီဖြစ်ပြီး COVID 19ရောဂါထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။