COVID-19 ကြောင့် အမေရိကန်မှာ ယခုအချိန်အထိ လူဦးရေ ၇၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဟာ ကြုံခဲ့ရသမျှ အမေရိကန်ကို အဆိုးဆုံး တိုက်ခိုက်မှုတစ်ခုအဖြစ် သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောပြီး တရုတ်နိုင်ငံကို အပြစ်ဖို့လိုက်ပါတယ်။

တရုတ်မှာ ရပ်တန့်နိုင်ခဲ့ရမှာပါ၊ မူလစဖြစ်တဲ့နေရာမှာဲ ရပ်တန့်ခဲ့သင့်ပါတယ်၊ အဲဒီလို မဖြစ်ခဲ့ဘူး


(Photo: AAP)

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဆိုးကျိုးသက်ရောက်မှုဟာ ဒုတိယကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်းဗုံးကြဲခံရမှု သို့မဟုတ် လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးက 9/11 တိုက်ခိုက်မှုတွေထက် ပိုမိုပြင်းထန်ကြောင်း သမ္မတထရန့်က ပြောပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ရက်နေ့မှာ ဂျပန်က ဟာဝိုင်အီကျွန်းရှိ ပုလဲဆိပ်ကမ်း ရေတပ်အခြေစိုက်စခန်းကို အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမေရိကန်နိုင်ငံကို ဒုတိယကမ္ဘာစစ်အတွင်း ဆွဲသွင်းခဲ့ပါတယ်။

ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အမေရိကန် ၂,၄၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အယ်လ်ကေဒါအကြမ်းဖက်အုပ်စုမှ အကြမ်းဖက်သမားတွေက အမေရိကန်မြေပေါ်ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ တာဝါနှစ်ခု၊ ပင်တဂွန်စစ်ဌာနချုပ်နဲ့ ကွန်ဂရက်လွှတ်တော် အဆောက်အအုံတို့ကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ လူ ၃,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။

ဒါက ကျွန်တော်တို့ ကြုံခဲ့ဖူးသမျှ အမှန်တစ်ကယ် အဆိုးဆုံး တိုက်ခိုက်မှုပဲ

သေဆုံးသူအများစုဟာ နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ (World Trade Center) မှ ဖြစ်ခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် အမေရိကန်မှာ ယခုအချိန်အထိ လူဦးရေ ၇၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကူးစက်ခံထားရသူ ၁.၂ သန်းကျော်ရှိနေပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်က COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံလည်းဖြစ်နေပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်မှာ COVID-19 ကနေ ပြန်လည်သက်သာလာသူကတော့ ၂၀၀,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

"ကျွန်တော်တို့ နိုင်ငံကို အဆိုးဆုံး တိုက်ခိုက်မှုကို ကျွန်တော်တို့ ကြုံတွေ့နေခဲ့ရတယ်၊ ဒါက ကျွန်တော်တို့ ကြုံခဲ့ဖူးသမျှ အမှန်တစ်ကယ် အဆိုးဆုံး တိုက်ခိုက်မှုပဲ၊ ဒါက ပုလဲဆိပ်ကမ်းဖြစ်ရပ်ထက်ဆိုးတယ်၊ ဒါက World Trade Center ထက် ဆိုးတယ်၊ ဒီလို တိုက်ခိုက်မှုမျိုး ဘယ်တုန်းကမျှ မရှိခဲ့ဘူး" လို့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာ သမ္မတထရန့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

(Photo: Getty Images)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လက်ရှိအချိန်အထိ လူ ၂၆၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၃.၈ သန်းကျော်လွန်လာခဲ့ပြီး ပြန်လည်သက်သာလာသူ ၁.၂ သန်းကျော်ရှိခဲ့ကြောင်း ယနေ့ (မေ ၇ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ သိရှိရပါတယ်။

မမြင်ရတဲ့ ရန်သူကို စစ်ပွဲတစ်ခုလို့ ကျွန်တော် မြင်ပါတယ်

COVID-19 နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကိုလည်း ထရန့်က အပြစ်ဖို့ခဲ့ပါတယ်။ "ဒီဟာက လုံးဝ မဖြစ်သင့်ဘူး၊ မူလစဖြစ်တဲ့နေရာမှာပဲ ရပ်တန့်နိုင်ခဲ့ရမှာ၊ တရုတ်မှာ ရပ်တန့်နိုင်ခဲ့ရမှာပါ၊ မူလစဖြစ်တဲ့နေရာမှာဲ ရပ်တန့်ခဲ့သင့်ပါတယ်၊ အဲဒီလို မဖြစ်ခဲ့ဘူး" လို့ သမ္မတထရန့်က ဆိုပါတယ်။

(Photo: AAP)

ထို့နောက် သတင်းထောက်တစ်ဦးက ကပ်ရောဂါကို အမှန်တစ်ကယ် စစ်ပွဲလုပ်ရပ်လို့ ထင်မြင်ထားခြင်းရှိ မရှိ ထရန့်ကို မေးမြန်းခဲ့ရာ ၎င်းက 'တရုတ်နိုင်ငံထက် ကပ်ရောဂါက အမေရိကရဲ့ ရန်သူ' ဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ "မမြင်ရတဲ့ ရန်သူ (ကိုရိုနာဗိုင်းရပ်စ်) ကို စစ်ပွဲတစ်ခုလို့ ကျွန်တော်မြင်တယ်၊ အဲဒီဗိုင်းရပ်စ် ဒီကိုရောက်လာတာကို ကျွန်တော် မကြိုက်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဒါက ရပ်တန့်နိုင်ခဲ့ရမှာလေ၊ ဒါပေမဲ့ မရပ်တန့်နိုင်ခဲ့ဘူး၊ မမြင်ရတဲ့ ရန်သူကို စစ်ပွဲတစ်ခုလို့ ကျွန်တော် မြင်ပါတယ်" လို့ အမေရိကန်သမ္မတထရန့်က ပြောခဲ့ပါတယ်။

Source: SBS, AFP, BBC

Share

Loading Next Article...
က္က