မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမား ရိုင်ယန်ဂစ်က ယမန်နေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးရရှိသွားတဲ့ နောက်ကျချေပဂိုးဟာ မားကို့စ်ရိုဟိုရဲ့ အမှားကြောင့်ဖြစ်တယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်ပြန်တိုက်စစ်ကနေ ဒန်နီရယ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ပေးပို့မှုကို မားကပ်စ်ရက်ရှ်ဖို့ဒ် ပိတ်သွင်းယူခဲ့တဲ့ဂိုးကြောင့် လီဗာပူးအသင်းကို ဒုတိယပိုင်း ၈၅ မိနစ်အထိ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်း ရရှိသွားတဲ့သွင်းဂိုးကို VAR ပြန်လည်ကြည့်ရှုပေးဖို့ တောင်းဆိုခဲ့ကြပြီး ကွင်းလယ်ဒိုင်က ပြန်လည်စစ်ဆေးရာမှာ လင်ဒီလော့ဖ်က အိုရီဂီကို ဖျက်ထုတ်ရာမှာ ပြစ်ဒဏ်ကျူးလွန်ခြင်းမရှိဘူးဆိုပြီး သွင်းဂိုးကို ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ မဖြစ်မနေလိုအပ်နေတဲ့ နိုင်ပွဲကို ရရှိဖို့ အနီးစပ်ဆုံးအခြေအနေအထိ ရောက်ခဲ့ပေမယ့် ပွဲပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ မမျှော်လင့်ထားတဲ့အဖြစ်အပျက် ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးနောက်ခံကြယ်ပွင့် ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုဟာ ယူနိုက်တက်နောက်ခံကစားသမားတွေကြားထဲကနေ လယ်လာနာဆီ ရောက်ရှိလာခဲ့ပြီး ချေပဂိုး ပေးခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်ဂန္တဝင်ကစားသမား ရိုင်ယန်ဂစ်က သွေးပူလေ့ကျင့်ခန်းဆင်းချိန်မှာ တွမ်ဇီဘီ တင်ပါးဒဏ်ရာရရှိသွားတာကြောင့် ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တဲ့ မားကို့စ်ရိုဟိုဟာ ဘောလုံးကို သေချာစွာ ဖျက်ထုတ်ခဲ့သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ဝမ်ဘစ်စ်ကာက ပွဲအများကြီး မကစားခဲ့ရပါဘူး။ တကယ်လို့ သူက နည်းနည်းပိုပြီး သင့်တော်ပြီး ထက်မြက်တယ်ဆိုရင် သူ ပိုလျင်မြန်ကောင်း လျင်မြန်ပါလိမ့်မယ်”
“ဒါပေမယ့် ရိုဟိုက မက်ဂွိုင်းယားရဲ့ နောက်ကို သွားခဲ့တာက တကယ်ထူးဆန်းပါတယ်။ တကယ်လို့ သူသာ သူ့ရဲ့နေရာမှာ ရှိနေခဲ့မယ်ဆိုရင် ဘောလုံးကို ရှင်းထုတ်နိုင်မှာပါ”
“ဒါက ဆိုးဆိုးရွားရွားပေးလိုက်ရတဲ့ဂိုးလို့ ထင်ပါတယ်”လို့ Optus Sport ကို ပြောကြားခဲ့ပါတယ်။