နာကျင်မှုဆိုတာကို လူတိုင်း ခံစားဖူးကြမှာပါ၊ နာကျင်မှုဆိုတဲ့ အရာကို ခံစားရတာဟာ လူတိုင်းအတွက် သိပ်တော့ မထူးဆန်းလှပေမယ့် ကိုယ့်ကို အကြိမ်ကြိမ် နာကျင်စေတဲ့သူဟာ တစ်ယောက်တည်းဖြစ်နေပြီဆိုရင်တော့ အဲဒါဟာ ထူးဆန်းတဲ့ အရာဖြစ်သွားပါပြီ။
လူတစ်ယောက်က ထပ်ခါတလဲလဲ နာကျင်စေတာကို ခွင့်မပြုပါနဲ့
လူတစ်ဦးတစ်ယောက်ကပဲ ကိုယ့်ကို ထပ်ခါတလဲလဲ နာကျင်အောင် လုပ်ဆောင်နေတာမျိုးတွေကို ခွင့်မပြုပါနဲ့။ လူတွေက နာကျင်မှုတွေကိုသာ အမြဲညည်းတွားနေတတ်ကြတာပါ၊ ဒီလို ကိုယ့်ကို နာကျင်အောင် လုပ်ဆောင်နေတာတွေကို ခွင့်ပြုနေတာဆိုတာကို သတိမမူတတ်ကြပါဘူး၊ ကိုယ့်ကို လူတစ်ယောက်တည်းကပဲ ထပ်ခါတလဲလဲ နာကျင်စေခဲ့ပြီဆိုရင် ဒါဟာ ကိုယ်ခွင့်ပြုနေလို့ ခုလို နာကျင်စေရတာဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
မော်ဒယ် သရုပ်ဆောင် နန်းဆုနွယ်ကတော့ ကိုယ့်အပေါ် ထပ်တလဲလဲ နာကျင်စေတဲ့သူကို ဘယ်လိုတုံ့ပြန်သင့်လဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။
"ကိုယ့်ကို နာကျင်စေတဲ့သူက ကိုယ့်အတွက်အရမ်းအရေးပါနေလွန်းရင် သူ့ကို အခွင့်ရေးလေးပေးကြည့်ချင်တယ် ..ဘယ်လိုမှမရတဲ့လူမျိုး ကိုယ့်အပေါ်အရမ်းကြီးထပ်တလဲလဲနာကျင်စေတဲ့သူ ဆိုရင်တော့ စွန့်လွှတ်သင့်ရင်စွန့်လွှတ်မှာပါ။ စွန့်ခွာထွက်သွားမယ့်သူမျိုးပါ။ ဒါပေမယ့် ကိုယ့်နှလုံးသားကတော့အရမ်းကို အကြိမ်ကြိမ်ခွင့်လွှတ်ပေးချင်နေတဲ့ဘက်ကပါပါတယ်။ အမြဲနာကျင်နေရတဲ့သူတွေအတွက်နှစ်သိမ့်ပေးရမယ်ဆိုရင် ကိုယ့်ကိုနာကျင်အောင်ထပ်တလဲလဲလုပ်တဲ့သူကိုချစ်မယ့်အစား ကိုယ့်ကိုယ်ကိုယ်ပိုချစ်နိုင်အောင်ကြိုးစားပါ ရှေ့ဆက်မယ့် ကိုယ့်အနာဂတ်မှာ ကိုယ်ဟာအတောက်ပဆုံးပျော်ရွှင်နေရသူဖြစ်လာဖို့အတွက် ကိုယ့်အပေါ်မကောင်းတဲ့သူတွေဆီကနေ ရုန်းထွက်ပါလို့ .. အားလုံးသော နာကျင်မှုတွေခံစားချက်တွေကအချိန်နဲ့အမျှကုစားသွားပါလိမ့်မယ် မင်းအဆင်ပြေသွားမှာပါ လို့ နှစ်သိမ့်ပေးချင်ပါတယ်"
ကိုယ့်ကိုယ်ကိုယ် လေးစားပါ
ကိုယ့်ကို နာကျင်စေတဲ့သူတွေကို ကိုယ်က ဆက်လက် ဖက်တွယ်ထားနေဆဲပဲဆိုရင်တော့ အဲဒါဟာ ကိုယ့်ကိုယ်ကိုယ် မလေးစားတာနဲ့ အတူတူပါပဲ။ ကိုယ့်ကို နာကျင်စေတဲ့သူတွေကို ကိုယ့်နားမှာ ဆက်မထားပါနဲ့၊ ထပ်တလဲလဲ နာကျင်စေတဲ့သူတွေဆို သာလို့တောင် မထားသင့်ပါဘူး။ ဒီလူကို စွန့်လွှတ်လိုက်လို့ နာကျင်ရဦးမယ်ဆိုရင်တောင်မှ သူ နာကျင်စေတဲ့အရာတွေနဲ့ ယှဥ်လိုက်ရင်တော့ ဘာမှမဟုတ်တော့ပါဘူး။
ကိုယ့်ကို အလေးမထားသူတွေကို ရှောင်ပါ
ကိုယ့်ကို နာကျင်စေတဲ့သူတွေက ကိုယ့်ခံစားချက်ကို အလေးမထားတဲ့သူတွေပါပဲ။ ကိုယ်နာကျင်နေရင်တောင် လက်ပိုက်ကြည့်နေနိုင်တဲ့သူတွေ၊ ကိုယ်နာကျင်မှ ပျော်ရွှင်မယ့်သူတွေဆိုတာ သတိချပ်သင့်ပါတယ်။ ကိုယ့်ကို အလေးမထားတဲ့သူတွေ၊ ကိုယ့်ခံစားချက်ကို မျက်ကွယ်ပြုနိုင်တဲ့သူတွေကို တတ်နိုင်သမျှ ရှောင်ပါ၊
ကိုယ့်ကို မလေးမစားဆက်ဆံတာတွေကို ခွင့်မပြုပါနဲ့
ကိုယ့်ကို နာကျင်စေတာတွေ၊ ကိုယ့်ကို မလေးမစားဆက်ဆံတာတွေ၊ ကိုယ့်ခံစားချက်ကို ပျက်ရယ်ပြုတာတွေကို လုံးဝ လက်သင့်ခံခွင့်မပြုပါနဲ့။ ကိုယ်ဟာ ဒီလို လုပ်လို့ရတဲ့သူ၊ ဒီလိုနာကျင်အောင်ပြုလုပ်လည်း ရတဲ့သူ၊ ဘယ်လောက် နာကျင်ပါစေ အနားက ခွာမသွားတဲ့သူအဖြစ်နဲ့တော့ သူများတွေကို မြင်မသွားပါစေနဲ့၊ ကိုယ်ဟာ နာကျင်အောင် ပြုလုပ်နေလည်း အနားမှာ အမြဲရှိနေဦးမှာပဲ၊ ထွက်သွားမှာမဟုတ်ဘူးလို့ တွေးထင်ပြီး ကိုယ့်ကို နာကျင်စေတဲ့သူတွေနားက ထွက်ခွာဖို့ ပြင်ပါ။
မီဒီယာလောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ အေးချမ်းခိုင်ကလည်း ကိုယ့်ကို နာကျင်စေတဲ့ အရာတွေကို စွန့်လွှတ်သင့်တဲ့ အကြောင်း Duwun ကို ခုလို ပြောပြပါတယ်။
ကိုယ်နာကျင်တာတွေကို အရေးမထားသူတွေကို အရေးမလုပ်ပါနဲ့တော့
လူဆိုတာ အပြန်အလှန် မေတ္တာထားမှု၊ စေတနာထားမှုဆိုတာ ရှိပါတယ်။ ချစ်သူ သမီးရည်စား အိမ်ထောင်ဖက်အချင်းချင်း ရယ်မှမဟုတ်ပါဘူး။ ဘယ်လိုဆက်နွယ်မှုမျိုးမှာမဆို ကိုယ့်ကို အရေးမထားသူတွေ၊ ကိုယ့်နာကျင်မှုအပေါ် အလေးမစိုက်ဘဲ လုပ်ချင်ရာလုပ်နေသူတွေအတွက် ကိုယ့်ဘဝထဲမှာ နေရာမပေးမိစေဖို့ လိုပါတယ်။ ကိုယ့်ကို နာကျင်စေပြီး ကိုယ့်နာကျင်မှုကိုလည်း အရေးမစိုက်တဲ့သူတွေကို ကိုယ့်ဘဝထဲက ထုတ်ပစ်လိုက်နိုင်ဖို့ ကြိုးစားပါ။
အထူးသဖြင့် မိန်းကလေးတွေဟာ ကိုယ့်ကို ထပ်ခါလဲလဲ နာကျင်စေတဲ့သူကို နောက်တစ်ကြိမ် မလုပ်လောက်တော့ဘူးဆိုတဲ့ မျှော်လင့်နေတတ်ကြပါတယ်။ ထပ်ခါတလဲလဲ နာကျင်စေတဲ့သူအဖို့ ကိုယ့်အပေါ် စာနာတယ်ဆိုတာ မရှိနိုင်တော့ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကို ထပ်ခါတလဲလဲ နာကျင်စေတဲ့သူတွေကို တတ်နိုင်သမျှ ရှောင်ပါ၊ ကိုယ့်ရဲ့ ဘဝထဲက ထုတ်ပယ်လိုက်ပါလို့ မိန်းကလေးတိုင်းကို တိုက်တွန်းပါရစေ။