• ကလော့ပ်မထွက်ခင်မှာ ကုသိုလ်ရအောင် အလှူအတန်းတွေ လုပ်နေဆဲဖြစ်တဲ့ လီဗာပူး

အဝေးကွင်းမှာ သရေကျခဲ့တာပါ။
[Zawgyi Version]

မနေ့ညက ကစားခဲ့တဲ့ ဗီလာနဲ့ လီဗာပူးပွဲမှာတော့ တစ်ဖက်သုံးဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲက ပရီးမီးယားလိဂ်ပွဲကျန်တစ်ပွဲဖြစ်ပြီး ဗီလာက ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိပေမယ့် လီဗာပူးကတော့ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။

ဒီပွဲမှာ လီဗာပူးက ပွဲအစ (၂) မိနစ်မှာတင် ဗီလာဂိုးသမား မာတီနက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ပွဲကစားချိန် (၁၂) မိနစ်မှာ တိုင်လီမန်စ်က ဗီလာအတွက် ချေပဂိုး သွင်းယူခဲ့ပေမယ့် နောက်ထပ် ဂိုးတွေ ထပ်ရခဲ့တာကတော့ ဧည့်သည် လီဗာပူးပဲဖြစ်ခဲ့ပါတယ်။

ပွဲကစားချိန် (၂၃) မိနစ်မှာ ဂတ်ပိုက လီဗာပူးအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သလို ပွဲကစားချိန် (၄၈) မိနစ်မှာလည်း ကွန်ဆာချ်က လီဗာပူးအတွက် ရှေ့အထိ တက်ပြီး ဂိုးသွင်းပေးခဲ့ပါတယ်။ အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့ ဦးဆောင်ထားတဲ့ လီဗာပူးတို့ သေချာပေါက် နိုင်ပွဲရပြီလို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဗီလာရဲ့တိုက်စစ်ကို မခံနိုင်ခဲ့ဘဲ ဗီလာရဲ့ လူစားဝင်တိုက်စစ်မှူး ဒူရန်က (၈၅) မိနစ်နဲ့ (၈၈) မိနစ်တို့မှာ ချေပဂိုးနှစ်ဂိုး ဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် လီဗာပူးတို့ အဝေးကွင်းမှာ နိုင်ပွဲပျောက်ခဲ့ပြီး သုံးဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဗီလာဟာ ဒီပွဲရလဒ်ကြောင့် ရာသီနောက်ဆုံးပွဲအဖြစ် ပဲလေ့စ်နဲ့ပွဲမှာ တစ်မှတ်ရလိုက်ရုံနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရတော့မှာဖြစ်သလို သူ့အောက်က စပါးက လက်ကျန်နှစ်ပွဲစလုံးကို အနိုင်ကစားဖို့လည်း လိုအပ်ပါသေးတယ်။ လီဗာပူးကတော့ ကလော့ပ်ကြီးရဲ့ ပရီးမီးယားလိဂ် အဝေးကွင်းနောက်ဆုံးပွဲမှာ နိုင်ပွဲပျောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...