ချမ်းအေးလွန်းတဲ့ ဆောင်းတွင်းကာလလေးမှာ တောင်ပေါ်ဒေသလေးတစ်ခုဖြစ်တဲ့ ကလောကို ခရီးထွက် ချင်တဲ့သူတွေအတွက် ကလောမြို့က လည်ပတ်စရာနေရာလေးတွေကို ရေးသားဖော်ပြလိုက်ရပါတယ်။
“ထင်းရူးမြို့တော်” ဆိုတဲ့ အတိုင်း ထင်းရူးပင်စိမ်းစိမ်းလေးတွေရယ်၊ဖော်ရွေ ရိုးသားတဲ့ဒေသခံတွေနဲ့ လတ်ဆတ်တဲ့ အသီးအနှံလေးတွေ၊ ရှမ်းရိုးရာအစားအစာလေးတွေ၊ တောင်တန်းတွေနဲ့ တိမ်တွေ ကလောမြို့ရဲ့ အရာအားလုံးသဘောကျမိတာမို့ အမြဲမရိုးဘဲအမြဲလာလည်ချင်နေစေမယ့် မြို့လေးဖြစ်ပါတယ်။
ကလောမြို့မစျေး
၅ရက်တစ်ခါ ဈေးဖြစ်ပေါ်လာရတာက ရှမ်းပြည်ရဲ့နေရာဒေသအစုံဖြစ်တဲ့ ကလော၊ ပင်းတယ၊ ဟဲဟိုး၊ အောင်ပန်း၊ ပင်လောင်း၊ စတဲ့ ဒေသတွေမှာ ဈေးသည်တွေက အလှည့်ကျ စုပြီးရောင်းကြတာဖြစ်လို့ပါတဲ့။
ကလောဒေသထွက် အစားအစာတွေ၊ အစားအစာ မျိုးစုံနဲ့၊ အသီးအနှံလတ်လတ်ဆတ်ဆတ်တွေ၊ အသုတ်စုံ၊ အကြော်ပူပူနွေးနွေးတွေကို စားရတဲ့အရသာဟာ ကလောကို လည်ပတ်ရကျိုးနပ်စေမှာပါ။
( ၅ ) ရက်တစ်စျေးဖြစ်တာကြောင့် ကလောရောက်ဖြစ်ရင် စျေးနေ့လေးကို မဖြစ်မနေ အလည်သွား သင့်တဲ့ နေရာလေး တစ်ခုပါနော်
အိုးစည်တောင်
အိုးစည်တောင်က ပေ 4500 ကျော်ဆိုတော့ အရမ်းအမြင့်ရှိပေမယ့် တောင်တဝက်ထိလည်း ကားနဲ့တက်လို့ရပါတယ် ၊ ကားရပ်တဲ့နေရာကနေ အုတ်လှေကားလေးနဲ့ 10 မိနစ်လောက် လမ်းလျှောက်တက်ရင် တောင်ထိပ်ကိုရောက်ပါတယ်။ တောင်ထိပ်ရောက်ရင်တော့ ဟိုးအောက်က ကလောမြို့လေးရယ် ၊ ဝဲပျံနေတဲ့တိမ်တွေရယ် (ဆောင်းတွင်းမနက်ခင်းတွေဆို တိမ်ပင်လယ်မြင်ရမယ် ၊ မိုးရွာပြီးနောက်ရက်မနက်တွေဆိုလဲ မြင်ရနိုင်ပါတယ်။ ) တောင်တွေပတ်လည်ဝိုင်းရံထားတဲ့ စိမ်းစိုနေတဲ့ 360’ မြင်ကွင်းက အမောကိုပြေစေပါတယ်။ နေထွက်ချိန် sunrise ရှုခင်းတွေတမျိုးလှသလို ၊ ညနေဆည်းဆာ နေဝင်ချိန် ကလဲ တဘာသာလှနေတာပါပဲ။
Fairyland Kalaw
Fairy Land Camp site ဟာ တစ်နေရာထဲမှာတိမ်ပင်လယ်လည်းကြည့်လို့ရမယ့်အပြင် trekkingလည်းပါပါတယ်။ ကလောအဝင် အင်းပြင်ရွာမှာရှိတာပါ၊ ကလောကနေ ၁၅ မိနစ် ဝန်းကျင်လောက်သွားရင် ရောက်ပါပြီ၊ Location အတိအကျကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ သွားကြည့်လို့ရပါတယ်။ ကလောဆောင်းညတွေရဲ့ Vibe ကိုထိတွေ့ခံစားရမှာဖြစ်ပြီး ရူခင်းကြီးကြည့်ပြီး တက်ရတဲ့အရသာ လုံးဝကို ရင်ထဲထိစေမှာပါ။
ဗျိုက်တောင်
ဗျိုက်တောင် (နန်းအွန်တောင်)ဆိုတာ ကျောက်တောင် မတ်မတ်ကြီးရယ် နေကြာပန်းစိုက်ခင်းတွေရယ်၊ အလေ့ကျပေါက်နေတဲ့ တောင်နေကြာရိုင်းဝါဝါလေးတွေရယ် ကျောက်တောင်ကြားကွေ့ဝင်သွားတဲ့ ရထားသံလမ်းလေးရယ်နဲ့ သဘာဝ အတိုင်းပဲလှနေတဲ့နေရာလေး တစ်ခုဖြစ်ပါတယ်။
ရေယောင်းမ View Point
ကလောနဲ့ ရေယောင်းမကျေးရွာဆိုတာ စွယ်တော်ရွက်လေးတစ်ရွက်လိုပါပဲ။ ခွဲခြားလို့ မရပါဘူး။ ကလောမြို့ရဲ့ ပတ်ဝန်းကျင်တောတောင်သဘာဝရှုခင်းတွေဟာ လှပလွန်းပြီး ထင်းရှူးရနံ့တွေနဲ့ ပနံသင့်အေးမြတဲ့ တောင်ပေါ်မြို့လေးဖြစ်သလို အလှတရားတွေ စုဝေးရာနေရာလို့ တင်စားရတဲ့ ရေယောင်းမကျေးရွာကလည်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ရှင်တွေနဲ့ ခရီးသွားလည်ပတ်နေသူတွေကြားမှာ စိတ်ဝင်စားခြင်းကို အသိအမှတ်ပြု ရရှိနေပြီလို့ ဆိုရပါမယ်။
သဘာဝကိုမှီခိုပြီး ဓာတ်ပုံရှုခင်း ကြည့်ကွက် အပန်းဖြေစခန်း ငါးခုစလုံး တည်ရှိနေတာကတော့ ရေယောင်းမ သို့မဟုတ် ရွှေယောင်းမကျေးရွာရဲ့ ထူးခြား မှုတစ်ခုလို့ ဆိုရပါမယ်။ စိတ်ဝင်စားစရာ ကောင်းလှတဲ့ နောက်ခံသမိုင်းကြောင်းတွေ နဲ့တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ ဟိုးယခင်ကာလတွေတုန်းက ရွှေယောင်းမ လို့ အမည်နာမရှိခဲ့ပေမယ့် ကာလရွေ့လျား လာပြီး အခုဆိုရင် ရေယောင်းမလို့ ခေါ်တွင် လာခဲ့တာဖြစ်ပါတယ်။
မြင်းမူကုန်းက ရူ့ခင်းလှလှလေးတွေ
ဒီနေရာလေးကတကယ်ရောရှိရဲ့လားပေါ့။ဟုတ်ကဲ့တကယ်ရှိပါတယ်။ရှမ်းပြည်တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယ ရွာငံ ကားလမ်းမအနီး ပင်းတယမြို့နယ် အတွင်းက မြင်းမူရွာ နားမှာရှိလို့ မြင်းမူကုန်းလို့ခေါ်ပါတယ်။
တောင်ရာစိုက်ခင်းလေးများနဲ့ သာယာလှပလွန်းလှတဲ့ သဘာ၀ စိုက်ခင်းလေးများဟာ ပန်းချီကားတစ်ချပ်ကဲ့သို့ စိမ်းစိုတောက်ပနေပါတော့တယ်၊
နာမည်ကြီး ယူကလစ်လမ်း
ဒီလမ်းလေးက ရွာငံရေပြာအိုင်သွားတဲ့ လမ်းမကြီးပါ ။ကလောရောက်ရင် ရေပြာအိုင်ကိုသွားကြပေမယ့် ဒီလမ်းမကြီးကိုတော့ အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။။ ဘေးကယူကလစ်ပင်အကြီးကြီးတွေက လမ်းကိုပိုလှစေတာတော့အမှန်ပဲ၊ ဘယ်လောက်လှလဲဆိုတာကတော့ စာစီရရင် ဘဝင်မြင့်ချင်စရာပါပဲ..
ကလောရောက်ရင် မဖြစ်မနေထပ်လုပ်ရမှာတစ်ခုက ကော်ဖီဆိုင်လေးတွေထိုင်ခဲ့ပါလို့ပြောချင်ပါတယ်
တိမ်တွေ တောင်တွေ မြူခိုးတွေရယ်.. ပန်းခြံ၊ မြက်ခင်းနဲ့လေပြည်ညင်းရယ်..ကလောမြို့လေးကို အလည်ရောက်လာရင် ကော်ဖီဝင်သောက်ကြဖို့လည်းမမေ့နဲ့နော်။
- Myinka Country Tea Garden
- Kalaw Cafeyard
- Cafe Dream
- Maluca villa Restaurant & Bar
- Kalaw Heritage Hotel
- Cafe Kalaw
အခုဖော်ပြပေးထားတဲ့ နေရာလေးတွေအပြင် တခြားလှတဲ့နေရာလေးတွေလည်းအများကြီးရှိသေးတာမို့ ကလော ဝန်းကျင်ကနေရာလှလှလေးတွေနဲ့ စားကောင်းတဲ့ဆိုင်လေးတွေကို သွားချင်တယ်ဆိုရင် ကလောရောက်တဲ့အခါ ဒေသခံတွေကားကိုငှါးပြီး သွားတာဖြစ်ဖြစ် ၊ အိုးဝေ နဲ့သွားတာဖြစ်ဖြစ်အကြံလေးပေးချင်ပါတယ်။
တည်းခိုမယ်ဆိုရင်တော့ ကလောမှာ Home Stay & Hotel တွေအများကြီးရှိတာမို့ တည်းခိုဖို့အတွက်လည်း အဆင်ပြေဆုံးဖြစ်စေမှာပါ၊
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။