တောင်ကိုရီးယား ဆက်သွယ်ရေးကော်မရှင် (KCC) ဟာ သုံးစွဲသူများရဲ့ ပုဂ္ဂလိက အချက်အလက်ကာကွယ်ဖို့ ပျက်ကွက်မှုနဲ့ TikTok ကို ဒဏ်ရိုက်လိုက်တယ်လို့ ဆိုပါတယ်။
မိဘအုပ်ထိန်းသူများကို အသိမပေးဘဲ အသက် ၁၄ နှစ်အောက် ကလေးငယ်များရဲ့ အချက်အလက် ရယူမှုနဲ့ KCC ဟာ TikTok ကို ဒဏ်ရိုက်လိုက်တာ ဖြစ်တယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။ နာမည်ကြီး Video-sharing app တစ်ခုဖြစ်တဲ့ TikTok ကို ကိုရီးယားဝမ် ၁၈၆ သန်း (ဒေါ်လာ ၁၅၅၀၀၀) ဒဏ်ရိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: technosports
ဒီဒဏ်ကြေးဟာ တောင်ကိုရီးယား ကိုယ်ရေးအချက်အလက် ဥပဒေများအရ နိုင်ငံအတွင်း TikTok ရဲ့ နှစ်စဉ်ရောင်းအားထဲမှ ၃% နဲ့ ညီမျှနေပါတယ်။ TikTok ရဲ့ ကလေးငယ်များအချက်အလက်အလွဲသုံးမှုကို ပြီးခဲ့တဲ့နှစ်စ အောက်တိုဘာလထဲမှာစတင် စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တယ်လို့ KCC က ဆိုပါတယ်။
တောင်ကိုရီးယားလူမှုကွန်ရက်စောင့်ကြည့်ရေး အဖွဲ့အစည်း KCC ရဲ့ အဆိုအရ ၆ လကျော်အတွင်း အနည်းဆုံး ကလေးငယ်အချက်အလက်ပေါင်း ၆၀၀၀ ကျော် စုဆောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ TikTok ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်များကို နိုင်ငံခြား ပေးပို့ခံရကြောင်း အသိပေးဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ KCC က ထုတ်ဖော်ပြောကြားထားပါတယ်။
Photo: pendect
လက်ရှိမှာ TikTok ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်ကို သိမ်းဆည်းသိုလှောင်ဖို့ Alibaba Cloud ၊ Fastly ၊ Edgecast နဲ့ Firebase cloud ကုမ္ပဏီ ၄ ခုကို သုံးတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သုံးစွဲသူတွေရဲ့ အချက်အလက်ကို အမေရိကန်နဲ့ စင်္ကာပူမှာ အခြေစိုက်ထားတဲ့ Alibaba Cloud ဆာဗာတွေထဲမှာ သိမ်းဆည်းထားတာပါ။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲမှာလည်း အမေရိကန်အစိုးရဟာ ကလေးငယ်များရဲ့ အချက်အလက်လုံခြုံရေး ကာကွယ်ဖို့ ပျက်ကွက်ခြင်းကြောင့် TikTok ကို စံချိန်တင် ဒေါ်လာ ၅.၇ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။ နယ်စပ်အရေးကြောင့် တရုတ်နိုင်ငံနဲ့ တင်းမာမှု ဖြစ်နေတဲ့ အိန္ဒိယအစိုးရမှလည်း ဇွန်လကစပြီး TikTok ကို ပိတ်ပင်မှု လုပ်ဆောင်ထားပါတယ်။