နျူကလီးယားလက်နက်များ အသုံးပြုမှုအန္တရာယ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်နေကြောင်း ကုလသမဂ္ဂမှ ကျွမ်းကျင်သူက ပြောကြားလိုက်ပါတယ်။
(နယူးယောခ့်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်) (Photo: Reuters)
UN Institute for Disarmament Research (UNIDIR) ရဲ့ ညွန်ကြားရေးမှူး Renata Dwan က မေ ၂၁ ရက်မှာ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာက ပိုမိုအလေးထားရမယ့် အရေတကြီး ကိစ္စရပ်တစ်ခု ဖြစ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့နိုင်ငံအားလုံးက ၎င်းတို့ရဲ့ နျူကလီးယားအစီအစဉ်တွေကို ခေတ်မီစေရန် လုပ်ဆောင်နေကြပြီး လက်နက်ထိန်းချုပ်ရေးကဏ္ဍဟာလည်း ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။
လက်နက်ထိန်းချုပ်ရေးကဏ္ဍ ပြောင်းလဲလာခြင်းဟာ တရုတ်နဲ့အမေရိကန်ကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေကြောင့်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ Renata Dwan က သုံးသပ်ပြောကြားခဲ့ပါတယ်။ ယခင်က အစဉ်အလားအတိုင်း သဘောတူထားခဲ့ကြတဲ့ လက်နက်ထိန်းချုပ်ရေး အစီအစဉ်တွေဟာ စစ်ပွဲပုံစံသစ်တွေရဲ့ အရေးပေါ်အခြေအနေကြောင့် ခိုင်မာအားကောင်းမှု ဆုတ်ယုတ်လျော့ပါးလာခဲ့တယ်လို့ သူမက ဆိုပါတယ်။
(မြောက်ကိုရီးယား ဒုံးကျည်တစ်စင်း) (Photo: Reuters)
ထို့အတူ လက်နက်ကိုင်အုပ်စုများပျံ့နှံ့လာမှုနဲ့ ပုဂ္ဂလိတပ်ဖွဲ့များနဲ့ နည်းပညာတို့ကလည်း တိုက်ခိုက်ခြင်းနဲ့ ခုခံကာကွယ်ခြင်းကြား ရပ်တည်ချက်ကို ဝေဝါးလာစေကြောင်း Renata Dwan က ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၂၂ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြတဲ့ နျူကလီးယားလက်နက် ပိတ်ပင်ရေးသဘောတူညီချက်အရ လက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေဟာ ဆယ်စုနှစ် နှစ်ခုကြာ မတိုးသာမဆုတ်သာ ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။
(UNIDIR အကြီးအကဲ Renata Dwan) (Photo: iiea.com)
"ဒီကိစ္စကို ပြန်အလေးထား အသိအမှတ်ပြုဖို့ တစ်ကယ်ကို တိုက်တွန်းရမှာပါ၊ မီဒီယာတွေမှာလည်း ဒီကိစ္စတွေကို သတင်းဖော်ပြမှုက အတော်လေးကို မရှိသလောက် ဖြစ်နေပါတယ်၊ အခုအချိန်မှာ နျူကလီးယားစစ်ပွဲအန္တရာယ်က မြင့်တက်နေပါတယ်၊ နျူကလီးယားလက်နက်အသုံးပြုမှု အန္တရာယ်တွေက ကျွန်မ ထောက်ပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အချိန်တွေထက် ပိုမြင့်နေပါတယ်" လို့ Renata Dwan က ပြောပါတယ်။
(နျူကလီးယားလက်နက်များ) (Photo: Getty Images)
နျူကလီးယားလက်နက် ပိတ်ပင်ရေးသဘောတူညီမှု Treaty for the Prohibition of Nuclear Weapons ကို International Campaign to Abolish Nuclear Weapons (ICAN) က အားပေးထောက်ခံမှုဖြင့် ကမ္ဘာ့နိုင်ငံတွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ICAN အဖွဲ့အစည်းဟာ ၂၀၁၇ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုလည်း ရရှိခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။