ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးကို စစ်ကိုင်းမြို့ ကောင်းမှု တောင်ရင်ပြင်မှာ ထားရှိဖို့ ဒီနေ့မတ်လ ၁၉ ရက် က ရွှေဘိုမြို့မှတစ်ဆင့် စစ်ကိုင်းမြို့သို့ သယ်ဆောင်လာပြီလို့ သိရပါတယ်။
စည်တော်ကြီးကို သယ်ဆောင်လာစဉ်။
ဒီစည်တော်ကြီးကို ကောင်းမှုတော်စေတီရင်ပြင်မှာ ဘုံနန်းပြဿဒ်နဲ့ ထားရှိသွားမှာဖြစ်ပြီး စည်တော်ရောက်ရှိခြင်း အထိမ်းအမှတ်အဖြစ် ညပိုင်းမှာ စတုဒီသာကျွေးခြင်းနဲ့အတူ ပွဲလမ်းသဘင်တွေကျင်းပကာ မနက်ဖြန် မနက်ပိုင်းမှာ အခမ်းအနားနဲ့ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
စည်တော်ကြီးကို သယ်ဆောင်လာစဉ်။
“ဘုံနန်းပြဿဒ်ကို စစ်ကိုင်းမြို့က ကောင်းမှုတော်စေတီတော်ရဲ့အရှေ့တောင်ထောင့် ကြေးစည်တော်နဲ့မောင်းတော်အနီးမှာ တည်ဆောက်ခဲ့တာပါ။ ဒီဘုံနန်းပြဿဒ်ကို ညောင်ရမ်းခေတ်ဟန် ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားပြီး ပေ ၃၀ ပတ်လည်နဲ့အမြင့်ပေ ၇၀ ရှိပါတယ်” လို့ ကောင်းမှုတော်စေတီဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က Duwun ကိုပြောပါတယ်။
စည်တော်ကြီးကို စစ်ကိုင်းတိုင်း ကသာခရိုင်၊ အင်းတော်မြို့နယ် လက်ပန်ကုန်းကျေးရွာက မြန်မာမှုပညာရှင် ဆရာပွဲမိသားစုက ထွင်းထုလှူဒါန်းခဲ့တာဖြစ်ပြီး အလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မနဲ့ မျက်နှာဝအကျယ် ၅၄ လက်မရှိကြောင်းနဲ့ သုဿန်ကနေရရှိခဲ့တဲ့ ကုက္ကိုလ်သားကို ထွင်းထုပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။