ပထမဆုံးအကြိမ်အဖြစ် အပူချိန် ၂၀ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ရောက်ရှိခဲ့ပါတယ်။

ကမ္ဘာ့အအေးခဲဆုံး နေရာဒေသဖြစ်တဲ့ အန္တာတိကတိုက်မှာ ပထမဆုံးအကြိမ်အဖြစ် အပူချိန် ၂၀ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ရောက်ရှိခဲ့ကြောင်း သုတေသနပညာရှင်တွေက မှတ်တမ်းတင်တွေ့ရှိခဲ့ရပါတယ်။

အဲဒီနယ်မြေဒေသမှာ ထူးခြားတာတစ်ခုခု ဖြစ်နေပြီလို့ ရိုးရှင်းတဲ့ အချက်ပြမှုတစ်ခုပါပဲ


(Photo: Getty Images)

အန္တာတိကကျွန်းဆွယ်ကမ်းလွန်ရှိ ကျွန်းတစ်ကျွန်းပေါ်မှာ အပူချိန် ၂၀.၇၅ ဒီဂရီဆလ်စီးယပ်သို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အန္တာတိကတိုက်မှာ ယခုအပူချိန်မြင့်တက်မှုမျိုးကို မည်သည့်အခါကမျှ မကြုံခဲ့ဖူးကြောင်း ဘရာဇီးသိပ္ပံပညာရှင် ကားလို့စ်ရှီဖာက AFP သတင်းဌာနကို ပြောပါတယ်။

သို့သော် ဖေဖေါ်ဝါရီ ၉ ရက်နေ့က မှတ်တမ်းတင်ခဲ့တဲ့ အဆိုပါ အပူချိန်မြင့်တက်မှုဟာ တစ်ကြိမ်သာ မှတ်တမ်းတင်တွေ့ရှိမှုဖြစ်ပြီး ရေရှည် အချက်အလက်စာရင်းမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။ အန္တာတိကတိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အပူချိန် စံချိန်တင်မြင့်တက်မှု တွေ့ခဲ့ရသေးပြီး ထိုစဥ်က အန္တာတိကကျွန်းဆွယ်ပေါ်မှာ အပူချိန် ၁၈.၃ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ပါတယ်။

(Infographic Map: The Guardian)

ယခုနောက်ဆုံး အပူချိန်မြင့်တက်မှုကိုတော့ Seymour ကျွန်းပေါ်ရှိ Marambio စောင့်ကြည့်စခန်းမှာ မှတ်တမ်းတင်တွေ့ရှိခဲ့ပါတယ်။ Seymour ကျွန်းဟာ အန္တာတိကတိုက်ရဲ့ မြောက်ဘက်စွန်းပိုင်းနေရာမှာ တည်ရှိပါတယ်။ ယခုကဲ့သို့ အပူချိန်မြင့်တက်ခဲ့ပေမဲ့လည်း ထိုအချက်ဟာ အန္တာတိကနဲ့ ပတ်သက်ပြီး ပိုမိုကျယ်ပြန့်တဲ့ သုတေသနရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ကြောင်း သိပ္ပံပညာရှင်ကားလို့စ်က အလေးအနက် ပြောပါတယ်။ ဒါ့အပြင် အပူချိန်မြင့်တက်မှုကို နောင်ဖြစ်လာမယ့် အန္တာတိက ရာသီဥတုအခြေအနေ ခန့်မှန်းရာမှာလည်း အသုံးပြုမှာမဟုတ်ကြောင်း ၎င်းကဆိုပါတယ်။

"ဒါကို အနာဂတ်ကာလ ရာသီဥတုပြောင်းလဲမှုကို ကြိုတင်ခန့်မှန်းရာမှာ ကျွန်တော်တို့ အသုံးမပြုနိုင်ပါဘူး၊ ဒါက အချက်အလက်ညွှန်ပြမှုတစ်ခုပဲ ဖြစ်ပါတယ်၊ ဒီဟာက အဲဒီနယ်မြေဒေသမှာ ထူးခြားတာတစ်ခုခု ဖြစ်နေပြီလို့ ရိုးရှင်းတဲ့ အချက်ပြမှုတစ်ခုပါပဲ" လို့ သိပ္ပံပညာရှင်ကားလို့စ်က ပြောပါတယ်။

အန္တာတိကကျွန်းဆွယ်မှာ ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း အပူချိန် ၃ ဒီဂရီဆဲလ်စီးယပ်နီးပါး မြင့်တက်ခဲ့ပါတယ်

(Photo: Johan Ordóñez/AFP via Getty Images)

ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (World Meteorological Organization - WMO) ရဲ့ အဆိုအရ အန္တာတိကကျွန်းဆွယ်မှာ ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း အပူချိန် ၃ ဒီဂရီဆဲလ်စီးယပ်နီးပါး မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ထိုကာလအတွင်း အန္တာတိကကျွန်းဆယ် အနောက်ဘက်ကမ်းရိုးတန်တစ်လျှောက် ရေခဲပြင်များ ၈၇ ရာခိုင်နှုန်း အရည်ပျော်သွားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း အန္တာတိကတိုက်မှာ ရေခဲများ အရည်ပျော်မှု မြန်ဆန်လာခဲ့ကြောင်းလည်း WMO က ပြောပါတယ်။

ယခုနှစ် ဇန်နဝါရီလဟာလည်း အန္တာတိကတိုက်ရဲ့ အပူဆုံး ဇန်နဝါရီလအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ယခင်က ကုန်းမြေ၊ ကျွန်းများနဲ့ သမုဒ္ဒရာ အပါအဝင် အန္တာတိကနယ်မြေတစ်ခုလုံးမှာ အမြင့်ဆုံးအပူချိန် စံချိန်တင်မှုအဖြစ် ၁၉၈၂ ခုနှစ် ဇန်နဝါရီလအတွင်း ၁၉.၈ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားခဲ့ကြောင်း The Guardian သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က