ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (စက်တင်ဘာ ၂၄ ရက်) အစောပိုင်းမှာ ၃၂ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
(Image: Worldometers webpage screengrab)
၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၉ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၃၂ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၉၈၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၃.၆ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ၃၁ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်ကျော် ၄ ရက်မပြည့်မီအတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ၉၆၂,၀၀၀ ကျော်မှ ၃ ရက်ကျော်အတွင်း ၁၉,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။
(Photo: News.cn/Xinhua)
Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၃၂ သန်းကျော်အနက် ၇.၄ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၇.၁ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။
ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ လျင်မြန်စွာ ဆက်တိုက် မြင့်တက်နေခဲ့ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၅.၇ သန်း ကျော်နဲ့ သေဆုံးသူဦး ၉၁,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၄.၆ သန်းကျော်နဲ့ သေဆုံးသူ ၁၃၉,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။
(Photo: AFP)
ထိုအတောအတွင်း ဥရောပမှာ ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာနေခဲ့တာ တွေ့ရပါတယ်။ ဥရောပတစ်လွှားမှာ COVID-19 ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတိပေးခဲ့ပါတယ်။
ဥရောပမှာ ကိုဗစ်ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်နေမှု အလွန်စိုးရိမ်စရာဟု WHO သတိပေး
အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်ခံရသူ ၂၉၆,၀၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားမှာတော့ ကူးစက်ခံရသူ ၂၆၂,၀၀၀ ကျော် တွေ့ရှိထားပြီး ဒေသတွင်း ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။
COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဖိလစ်ပိုင်က သေဆုံးသူ ၅,၁၂၇ ဦးရှိခဲ့ပြီး အရှေ့တောင်အာရှမှ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဩဂုတ်လလယ်ပိုင်းမှစပြီး ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာခဲ့ရာ အများစုဟာ ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပါတယ်။
လတ်တလော ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နေ့စဥ် ကူးစက်မှုအရေအတွက် နေ့စဥ် ရာဂဏန်း တိုးလာနေခဲ့ပြီး သေဆုံးသူဦးရေဟာလည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်မှုအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၇,၈၂၇ ဦး၊ သေဆုံးသူ ၁၄၇ ဦးနဲ့ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၂,၀၈၅ ဦးရှိခဲ့ပါတယ်။
Share