ကမ္ဘာကြီး ပိုမိုပူနွေးလာမှုကို ကာကွယ်တားဆီးခြင်းမရှိပါက ယခုရာစုနှစ်ကုန်မှာ ကမ္ဘာတစ်ဝှမ်း ပင်လယ်ရေမျက်နှာပြင် အမြင့်တွေဟာ ၆ ပေခွဲအထိ မြင့်တက်လာနိုင်ပြီး လူဦးရေသန်းပေါင်းများစွာ နေရာရွှေ့ပြောင်းရနိုင်ကြောင်း လေ့လာမှုတစ်ခုက ပြောပါတယ်။
(Photo: Jonathan Bamber)
အဆိုပါ လေ့လာမှုအစီရင်ခံစာကို တနင်္လာနေ့ (မေ ၂၀ ရက်) က Proceedings of the National Academy of Sciences ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ယခု အကျိုးဆက်ရလဒ်ဟာ အဆိုးရွားဆုံး အနာဂတ်ဖြစ်နိုင်ခြေဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း အပူချိန်ဟာ ၂၁၀၀ ပြည့်နှစ်မှာ ငါးဒီဂရီဆဲလ်စီယပ်ကျော် ပိုမိုမြင့်တက်နေမယ်လို့ ဆိုပါတယ်။
ဂရင်းလန်း (Greenland) နဲ့ အန္တာတိက (Antarctica) ရှိ ဧရာမ ရေခဲပြင်ကြီးများ အရည်ပျော်မှုကလည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုတွေကို ပိုမိုဖြစ်စေမယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ အဆိုပါ ရေခဲပြင်ကြီးတွေမှာ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာတွေကို ပေပေါင်း ဒါဇင်အများအပြား မြင့်တက်လာစေနိုင်တဲ့ ရေပမာဏပါရှိနေတယ်လို့ သိရပါတယ်။
(Photo: Time)
ကုလသမဂ္ဂရဲ့ Intergovernmental Panel on Climate Change (IPCC) က ထုတ်ပြန်ခဲ့တဲ့ 2013 Fifth Assessment အစီရင်ခံစာမှာလည်း ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာမှုဟာ ပုံမှန်ဖြစ်လာနိုင်တဲ့ အနာဂတ်အခြေအနေဖြစ်ပြီး ၂၁၀၀ ပြည့်နှစ်မှာ ကမ္ဘာတစ်ဝှမ်း ပင်လယ်ရေမျက်နှာပြင် ၃ ပေကျော် မြင့်တက်လာမယ်လို့ ဖော်ပြထားခဲ့ပါတယ်။
သို့သော် Proceedings of the National Academy of Sciences ဂျာနယ်မှာ ဖော်ပြထားတဲ့ ယခုနောက်ဆုံး လေ့လာမှုအစီရင်ခံစာကတာ့ ကမ္ဘာတစ်ဝှမ်း ပင်လယ်ရေမျက်နှာပြင် အမြင့်တွေဟာ ၂၁၀၀ ပြည့်နှစ်အရောက်မှာ ၆ ပေခွဲအထိ မြင့်တက်လာနိုင်ကြောင်း ပြောထားရာ ယခင် ခန့်မှန်းထားမှုထက် နှစ်ဆပိုများနေခဲ့ပါတယ်။
(Photo: Al Jazeera)
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မြေပြင်ဆုံးရှုံးရမယ့် ဧရိယာအကျယ်အဝန်းဟာ ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ ဗြိတိန်နိုင်ငံတို့ လေးခုပေါင်းဧရိယာနဲ့ တူညီနိုင်ကြောင်းလည်း လေ့လာသူတွေက ပြောပါတယ်။ ကမ္ဘာကြီးဟာ စက်မှုမဖွံ့ဖြိုးခင်အချိန်တွေကထက် ယခင်ကတည်းက တစ်ဒီဂရီဆဲလ်စီးယပ် ပိုမိုပူနွေးနေခဲ့ပြီး နှစ်စဉ် ပင်လယ်ရေမျက်နှာပြင် အမြင်တွေဟာ အကြမ်းဖျင်းအားဖြင့် ၃ မီလီမီတာ နှစ်စဉ် မြင့်တက်လာကြောင်း Al Jazeera သတင်းမှာ ဖော်ပြထားပါတယ်။