ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်ဖြစ်ကြောင်း ယုံကြည်ရတဲ့ ဖိလစ်ပိုင်နိုင်ငံမှ အသက် ၁၂၄ နှစ်အရွယ် အဘွားအို ကွယ်လွန်သွားပြီလို့ သိရပါတယ်။
မိတ်ဆွေတွေနဲ့ မိသားစုက လိုလာအစ်ကာ (Lola Iska) လို့ခေါ်ကြတဲ့ ဖရန်စစ္စကာ ဆူဆန်နို (Francisca Susano) အမည်ရှိ အဘွားဟာ ကာဘန်ကလန်မြို့ရှိ သူမရဲ့နေအိမ်မှာ တနင်္လာနေ့ (နိုဝင်ဘာ ၂၂ ရက်) ညပိုင်းက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့မိသားစုက ညနေခင်း ဝတ်ပြုဆုတောင်းမှုအပြီး မကြာမီမှာ ဆူဆန်နို ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: City Government of Kabankalan's Facebook)
အသက်ရာကျော်ရှည်တဲ့ ဖရန်စစ္စကာဟာ ထိုနေ့ မွန်းလွဲပိုင်းက အသက်ရှူရခက်တယ်လို့ ပြောခဲ့ကြောင်း သူမရဲ့မြေးဖြစ်သူ မာလီနီက ပြောပါတယ်။ မိသားစုက ဖရန်စစ္စကာကို ခံစားရသက်သာစေရန် ဒဏ်ကျေလိမ်းဆေးအဆီ လိမ်းပေးခဲ့ကြပေမဲ့ နာရီပိုင်းကြာပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။
ဂင်းနစ်စံချိန်တင်ရန် မိသားစုက မျှော်လင့်
၁၉ ရာစုနှစ်မှာ မွေးဖွားခဲ့တဲ့ ဘွားသက်ရှည် ဖရန်စစ္စကာ ကွယ်လွန်ရတဲ့အကြောင်းရင်းကို မသတ်မှတ်ရသေးပေမဲ့ ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေက သူမကို COVID-19 ရှိ မရှိ စစ်ဆေးသွားမယ်လို့ ပြောပါတယ်။ ဖရန်စစ္စကာဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ အသက် ၁၂၄ နှစ်ပြည့်ခဲ့ပြီး မကွယ်လွန်မီ အသက်အကြီးဆုံး သက်ရှိထင်ရှား ဖိလစ်ပိုင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။
(Photo: ViralPress)
သူမရဲ့မိသားစုက ဖရန်စစ္စကာကို ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ အသိအမှတ်ပြုရန် တင်ပြထားခဲ့ပေမဲ့ ဂင်းနစ်အဖွဲ့က အတည်ရန် စစ်ဆေးနေဆဲလို့ ဆိုပါတယ်။ လက်ရှိ ဂင်းနစ်စံချိန်တင် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီးကတော့ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ၁၉၉၇ ခုနှစ် ဩဂုတ် ၄ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အသက် ၁၂၂ နှစ်အရွယ် Jeanne Louise Calment ဖြစ်ကြောင်း သိရပါတယ်။
ဘွားသက်ရှည်က ဘာတွေလုပ်ပြီး ဘာတွေစားခဲ့လဲ
တောင်ယာလုပ်ငန်း လုပ်ကိုင်ခဲ့သူ ဖရန်စစ္စကာက လေမှုတ်တူရိယာ တီးမှုခြင်းဟာ သူမရဲ့စိတ်ကို ထက်မြက်စေပြီး လတ်ဆတ်တဲ့အစားအစာက သူမရဲ့ခန္ဓာကိုယ်ကို ကျန်းမာစေတယ်လို့ ပြောခဲ့ပါတယ်။ ဖရန်စစ္စကာက အဆုတ်တွေ အားကောင်းစေရန် မနက်ခင်းတိုင်း ဘာဂျာတူရိယာမှုတ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။ သူမကို ပြုစုစောင့်ရှောက်သူ Wo Montes က ၂၀၂၀ ခုနှစ်အတွင်း ပြောကြားမှုအရ ဖရန်စစ္စကာရဲ့စိတ်ဟာ တက်ကြွသွက်လက်နေဆဲဖြစ်ပေမဲ့ နေ့စဥ် လှုပ်ရှားမှုတွေအတွက်တော့ အကူအညီလိုအပ်တယ်လို့ သိရပါတယ်။
(Photo: City Government of Kabankalan's Facebook)
လူတိုင်းက ဖရန်စစ္စကာကို ချစ်ခင်ကြတယ်လို့လည်း Wo Montes က ဆိုပါတယ်။ အဘွားအို ဖရန်စစ္စကာဟာ သူမရဲ့ ဘဝတစ်လျှောက်လုံး လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ခဲ့ပြီး ဓာတ်မြေဩဇာ မသုံးထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်များစွာ စားခဲ့တယ်လို့ သိရပါတယ်။
သူမရဲ့ နေ့စဥ်အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ ပါဝင်ခဲ့ပြီး ဒေသထွက် သဘာဝပျားရည်ကို သောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဆူဖရန်စစ္စကာ အကြိုက်ဆုံး အစားအစာတွေထဲမှာ ဖရုံသီး၊ ခရမ်းသီး၊ ရုံးပတီသီးနဲ့ အခြား အမြစ်ပါသီးနှံတွေ ပါဝင်ပါတယ်။
အဘွားအိုဟာ သူမရဲ့ အရိုးအဆစ်အမြစ်တွေ သန်မာကောင်းမွန်နေစေရန် အကူအညီနဲ့အတူ ညင်သာတဲ့ ခြေလက်လှုပ်ရှားမှုလည်း လုပ်လေ့ရှိပါတယ်။ ဖရန်စစ္စကာဟာ တစ်နေကုန်နီးပါး သူမရဲ့ မိသားစုနေအိမ် အပြင်ဘက်မှာ ဝှီးချဲမှာထိုင်ရင်း အချိန်ကုန်လေ့ရှိခဲ့ကြောင်းလည်း သိရပါတယ်။
Source: AP