နိုင်ငံတကာမှ စုံစမ်းစစ်ဆေး သတင်းဖော်ထုတ်ရေးသားသူ သတင်းထောက်များ ပါဝင်ကြတဲ့ ICIJ အဖွဲ့က Pandora Papers စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့ကြပါတယ်

အကြီးမားဆုံး ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများ ပေါက်ကြားမှုတွေအနက်မှတစ်ခုအရ ကမ္ဘာတစ်ဝန်းမှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနဲ့ အခြား အောင်မြင်ကျော်ကြားသူတွေက အခွန်ရှောင်ရန် လျှို့ဝှက်ပိုင်ဆိုင်ထားမှုနဲ့ စီးပွားရေးလုပ်ငန်းတို့ကို ဖော်ထုတ်သိရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာမှ စုံစမ်းစစ်ဆေး သတင်းဖော်ထုတ်ရေးသားသူ သတင်းထောက်များ ပါဝင်ကြတဲ့ ICIJ (International Consortium of Investigative Journalists) ပူးပေါင်းအဖွဲ့က Pandora Papers လို့ခေါ်‌‌ဝေါ်တဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ Pandora Papers စုံစမ်းစစ်ဆေးရေးမှာ The Washington Post, BBC နဲ့ The Guardian သတင်းဌာနများမှ သတင်းထောက်များ အပါအဝင် သတင်းထောက် ၆၀၀ ခန့် ပါဝင်ခဲ့ကြပါတယ်။

၎င်းတို့က ကမ္ဘာတစ်ဝန်းရှိ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီ ၁၄ ခုကနေ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းပေါင်း ၁၁.၆ သန်းခန့်ကို အခြေခံပြီး စုံစမ်းစစ်ဆေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ICIJ က နောက်ဆုံးလေ့လာစိစစ်ခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ လက်ရှိ တာဝန်ယူထားဆဲနဲ့ ယခင် နိုင်ငံ့ခေါင်းဆောင် ၃၅ ဦးခန့်ရဲ့ လျှို့ဝှက်ပိုင်ဆိုင်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်နေခဲ့ပြီး ၎င်းတို့ဟာ အဂတိလိုက်စားမှုကနေ ငွေကြေးခဝါချမှုအထိနဲ့ ကမ္ဘာတစ်ဝန်း အခွန်ရှောင်မှုတို့ဖြင့် စွပ်စွဲမှုတွေကို ရင်ဆိုင်နေရပါတယ်။

(၁၉၉၃ ခုနှစ် လက်ထပ်ခဲ့ကြတဲ့ ဂျော်ဒန်ဘုရင်နဲ့ ၎င်းရဲ့မိဖုရား ရာနီယာ)

နိုင်ငံရပ်ခြားမှာ ပိုင်ဆိုင်မှုများရှိခြင်းနဲ့ နယ်စပ်ဖြတ်ကျော်ပြီး စီးပွားရေးလုပ်ငန်းလုပ်ရန် ဟန်ပြကုမ္ပဏီတည်ထောင်ခြင်းဟာ နိုင်ငံအများစုမှာ တရားမဝင်ကြောင်း ICIJ က အလေးအနက် ပြောပါတယ်။ သို့သော် ယခုကဲ့သို့ ဖော်ထုတ်မှုတွေက ၎င်းတို့ရဲ့ နိုင်ငံတွေမှာ အခွန်ရှောင်မှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သို့မဟုတ် ခြိုးခြုံချွေတာရေးတို့ကို လူသိရှင်ကြား တိုက်တွန်းပြောဆိုနေနိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေအတွက် ကသိကအောက်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေထဲမှာ ဂျော်ဒန်ဘုရင်အဗ္ဗဒူလာ (King Abdullah II) က နိုင်ငံရပ်ခြားကုမ္ပဏီတွေနဲ့ မည်သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်းနဲ့ အခွန်ရှောင်ပြီး မာလီဘူး၊ ကယ်လီဖိုးနီးယားမှ ဝါရှင်တန်အထိ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ အိမ်ရာအဆောက်အအုံများ စုဆောင်းထားကြောင်း အချက်အလက်တွေ ပါဝင်ပါတယ်။ ယခုသတင်းထွက်ပေါ်လာမှုကို ဝါရှင်တန်ရှိ ဂျော်ဒန်သံရုံးက မှတ်ချက်တစ်စုံတရာပေးရန် ငြင်းဆန်ခဲ့ပါတယ်။

(ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် ဇနီး)

သို့သော် ဂျော်ဒန်ဘုရင်ရဲ့ ရှေ့နေတွေကို ကိုးကားပြီး BBC က ဖော်ပြခဲ့ရာမှာတော့ ထိုအိမ်ရာအဆောက်အအုံတွေကို ဘုရင်က ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခဲ့တာဖြစ်ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်တွေဟာ သီးသန့်နေထိုင်ရန်နဲ့ လုံခြုံရေးအကြောင်းပြချက်အတွက် အိမ်ရာအဆောက်အအုံတွေကို နိုင်ငံရပ်ခြားကုမ္ပဏီတွေကနေတစ်ဆင့် ဝယ်ယူကြခြင်းက လုပ်ဆောင်နေကျဖြစ်တယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားကြောင်း ကာလရှည်ကြာ စွပ်စွဲခံနေရတဲ့ အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev ရဲ့ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း ဗြိတိန်မှာ ဒေါ်လာသန်းရာနဲ့ချီ တန်ဖိုးရှိတဲ့ အိမ်ရာအဆောက်အအုံ အရောင်းအဝယ်တွေမှာ လျှို့ဝှက်ပါဝင်လုပ်ကိုင်နေတယ်လို့ စွပ်စွဲထားပါတယ်။

ထို့အတူ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေထဲမှာ ချက်ရီပတ်ဘလစ်နိုင်ငံရဲ့ ဝန်ကြီးချုပ် Andrej Babis က နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှတစ်ဆင့် ပြင်သစ်တောင်ပိုင်းမှာ ဒေါ်လာ ၂၂ သန်းတန် စံအိမ်ကြီးတစ်လုံး ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ခြင်း မရှိဘူးဘူးလို့ ဆိုပါတယ်။

စာရွက်စာတမ်းတွေကို လေ့လာဆန်းစစ်မှုအရ လက်ရှိ တာဝန်ယူထားဆဲ နိုင်ငံနဲ့ အစိုးရခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သံအမတ်ကြီးများနဲ့ အခြား တာဝန်ရှိသူများ တစ်ဒါဇင်ကျော်အပါအဝင် ထိပ်တန်း နိုင်ငံရေးသမားများနဲ့ တာဝန်ရှိသူ ၃၃၆ ဦးဟာ နိုင်ငံရပ်ခြားတွေမှာရှိတဲ့ ကုမ္ပဏီ ၁,၀၀၀ နီးပါးနဲ့ အဆက်အသွယ်ရှိကြောင်း ICIJ က တွေ့ရှိခဲ့ပါတယ်။ ထိုကုမ္ပဏီတွေအနက် သုံးပုံနှစ်ပုံဟာ British Virgin Islands မှာ တည်ထောင်ထားကြတယ်လို့ ဆိုပါတယ်။

ICIJ က စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်သိရှိခဲ့မှုအချို့ -

  • ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက လန်ဒန်မြို့ရှိ ပေါင်စတာလင် သန်းနဲ့ချီတဲ့ အိမ်ရာအဆောက်အအုံအတွက် တရားဝင် အခွန်ရှောင်နိုင်ခဲ့ပါတယ်။ ၎င်းနဲ့ ဇနီးဖြစ်သူ Cherie တို့က ထိုအိမ်ရာအဆောက်အအုံကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံရပ်ခြားကုမ္ပဏီကို ဝယ်ယူခဲ့ပြီး အခွန်ပေးစရာမလိုရန် စီစဥ်ခဲ့တယ်လို့ ဆိုပါတယ်။
  • ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ရဲ့ အနီးကပ်ဆုံး အတွင်းစည်းမှ အဖွဲ့ဝင်တွေ (အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဲ့ ၎င်းတို့ရဲ့ မိသားစုများ အပါအဝင်) က ဒေါ်လာသန်းနဲ့ချီ ရန်ပုံငွေရှိတဲ့ ကုမ္ပဏီတွေကို လျှို့ဝှက်ပိုင်ဆိုင်ထာားကြပါတယ်။
  • ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နာမည်ကို ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ တိုက်ရိုက်မဖော်ပြထားပေမဲ့ ၎င်းဟာ ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်ထားရန် နီးစပ်သူမှတစ်ဆင့် မိုနာကိုမှာ အဆက်အသွယ်ရှိကြောင်း တွေ့ရပါတယ်။ ပင်လယ်ကမ်းခြေရှိ နေအိမ်တစ်လုံးကို ရုရှားအမျိုးသမီးတစ်ဦးက ဝယ်ယူခဲ့ကြောင်းနဲ့ ထိုအမျိုးသမီးဟာ ရုရှားခေါင်းဆောင်နဲ့ ကလေးတစ်ဦးရှိခဲ့ကြောင်း The Washington Post က ဖော်ပြပါတယ်။
  • နိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး လှုံ့ဆော်နေတဲ့ ကင်ညာသမ္မတ Uhuru Kenyatta ဟာလည်း ၎င်းရဲ့မိသားစုဝင်တွေက နိုင်ငံရပ်ခြားကုမ္ပဏီတွေနဲ့ လျှို့ဝှက်ဆက်သွယ်ဆောင်ရွက်မှုရှိခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
  • ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ နိုင်ငံရေးသမားတွေကဲ့သို့ပင် အောင်မြင်ကျော်ကြားတဲ့ ကိုလံဘီယာအဆိုတော် ရှကီရာ၊ ဂျာမန်စူပါမော်ဒယ် ကလော်ဒီရာရှက်ဖာနဲ့ အိန္ဒိယခရစ်ကတ် အကျော်အမော် ဆိုချင်တန်ဒူလ်ကာတို့လည်း အခွန်ရှောင်ရန် လျှို့ဝှက်ပိုင်ဆိုင်မှုထားရှိကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့သုံးဦးလုံးရဲ့ ရှေ့နေတွေကတော့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တရားဝင်ဖြစ်ကြောင်း ICIJ ကို ပြောကြပြီး အခွန်ရှောင်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Pandora Papers စုံစမ်းစစ်ဆေးမှုတွေဟာ ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်း ပေါက်ကြားမှုများစွာကို ICIJ ရဲ့ ဆက်တိုက် စုံစမ်းစစ်ဆေး ဖော်ထုတ်နေခဲ့မှုထဲက နောက်ဆုံးတစ်ခုလည်း ဖြစ်လာပါတယ်။ ICIJ က ၂၀၁၄ ခုနှစ်မှာ LuxLeaks နဲ့ ၂၀၁၆ ခုနှစ်မှာ Panama Papers အမည်ဖြင့် ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်း ပေါက်ကြားမှုတွေအပေါ် လေ့လာဆန်းစစ် ဖော်ထုတ်ခဲ့ပါသေးတယ်။

ထိုဖော်ထုတ်မှုတွေကြောင့် ထိုစဥ်က အိုက်စလန်ဝန်ကြီးချုပ် နုတ်ထွက်သွားခဲ့ပြီး ပါကစ္စတန်ခေါင်းဆောင်ကို ဖြုတ်ချရန် လမ်းပွင့်သွားစေခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ Paradise Papers နဲ့ ၂၀၁၈ ခုနှစ်မှာ FinkCen လို့ခေါ်တဲ့ စုံစမ်းစစ်ဆေး သတင်းဖော်ထုတ်မှုတွေကိုလည်း ICIJ က လုပ်ဆောင်ခဲ့ပါတယ်။

ယခုနောက်ဆုံး ICIJ က လုပ်ဆောင်ခဲ့တဲ့ Pandora Papers စုံစမ်းစစ်ဆေးမှု နောက်ကွယ်မှ စာရွက်စာတမ်းတွေဟာ British Virgin Islands ၊ ပနားမား၊ ဘီလစ်ဇ်၊ ဆိုက်ပရပ်စ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ စင်ကာပူနဲ့ ဆွစ်ဇာလန် အပါအဝင် နိုင်ငံများမှ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီများထံမှ ရယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Ref: AFP, BBC

Photo and Grphic: BBC, Getty Images, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က