(၂၀၂၂) ကာတာကမ္ဘာ့ဖလားအတွက် ဘရာဇီးက ရေပန်းစားနေတဲ့ အသင်းတွေထဲက တသင်းဆိုပေမယ့် ရော်နယ်ဒိုပါဝင်နေတဲ့ ပေါ်တူဂီကိုတော့ အနည်းငယ် ကြောက်ရွံ့နေတယ်လို့ ဘရာဇီးသားလေး ရိုဒရီဂိုက ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်လေးဟာ လာမယ့်ရာသီအစပိုင်းမှာ ကလပ်မှာပုံမှန်ပွဲထွက်ခွင့်ရပြီး ကမ္ဘာ့ဖလားပါဝင်ခွင့်ရဖို့ မျှော်လင့်နေတာပါ။
ဒီနှစ် ကာတာကမ္ဘာ့ဖလားကို ကာတာနိုင်ငံရဲ့ ရာသီဥတုအခြေအနေအရ နွေရာသီမှာမကစားဘဲ ဆောင်းရာသီမှာ ကစားဖို့ စီစဥ်ခဲ့ပါတယ်။ အဆိုပါ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့အတွက်တော့ တောင်အမေရိကတိုက်က နာမည်ကျော်နှစ်သင်းဖြစ်တဲ့ ဘရာဇီး၊ အာဂျင်တီးနားတို့က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တသင်းအဖြစ် ပါဝင်နေပါတယ်။
အထူးသဖြင့် မက်ဆီပါဝင်တဲ့ အာဂျင်တီးနားက ဒီနှစ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်တယ်လို့ ပရိသတ်အများစု ထင်ကြေးပေးထားကြပါတယ်။ ဒီလိုမျိုး ကမ္ဘာ့ဖလားအနေအထားနဲ့ ပတ်သက်လို့ ရိုဒရီဂိုက “ကျနော်တို့ ဘရာဇီးအသင်းက ပုံစံကောင်းပြနေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့က ကမ္ဘာ့ဖလားမှာ ရေပန်းအစားဆုံးအသင်းတွေထဲက တသင်းလို့လည်း ထင်ပါတယ်”
“ဒါပေမယ့် ပေါ်တူဂီကိုတော့ နည်းနည်းလေးကြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာ အချိန်မရွေး ပွဲကိုဆုံးဖြတ်ပေးနိုင်တဲ့ ရော်နယ်ဒိုရှိနေလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။ ဘရာဇီးဟာ အုပ်စု (G) မှာ ကင်မရွန်း၊ ဆာဘီးယား၊ ဆွစ်ဇာလန်တို့နဲ့ တအုပ်စုတည်းကျရောက်နေပါတယ်။
ပေါ်တူဂီကတော့ အုပ်စု (H) မှာ ဂါနာ၊ တောင်ကိုရီးယား၊ ဥရုဂွေးတို့နဲ့ တအုပ်စုတည်းကျရောက်လျက်ရှိပါတယ်။ ဒီနှစ်သင်းရဲ့ အုပ်စုက ကပ်လျက်အနေအထားဖြစ်တာကြောင့် နှစ်သင်းမှာ တသင်းက အုပ်စု ပထမ၊ တသင်းက အုပ်စု ဒုတိယရခဲ့ရင် နောက်တဆင့်မှာတင် ထိပ်တိုက်တွေ့နိုင်ပါတယ်။