(၂၀၂၂) ကာတာကမ္ဘာ့ဖလားကို လာရောက်ကြည့်ရှုမယ့် ပရိသတ်တွေဟာ ကန့်သတ်တားမြစ်ထားတဲ့ ပစ္စည်းတွေကို ဒိုဟာလေဆိပ်ကတဆင့် သယ်ဆောင်ခွင့်ရှိမှာမဟုတ်ကြောင်း သိရှိရပါတယ်။ ဒီလိုမျိုး တားမြစ်ထားတဲ့ပစ္စည်းတွေထဲမှာ လိင်အင်္ဂါအတုတွေ၊ သောက်စရာတွေ၊ ညစ်ညမ်းပစ္စည်းတွေ၊ ဘာသာရေးစာအုပ်တွေနဲ့ ဝက်သားနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေ ပါဝင်တယ်လို့ သိရှိရပါတယ်။

တကယ်လို့သာ ဒီပစ္စည်းတွေကို လေဆိပ်မှာ စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် ကာတာအာဏာပိုင်တွေက သိမ်းဆည်းသွားမှာဖြစ်ပြီး အိမ်အပြန်လမ်းမှာလည်း ပြန်ထုတ်ပေးသွားဖွယ်မရှိဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် ပရိသတ်တွေအနေနဲ့လည်း ဒီပစ္စည်းတွေကို လေဆိပ်ကနေ ကျော်ဖြတ်ပြီး ဘာသာရေးအရ စည်းကမ်းကြီးတဲ့ ကာတာနိုင်ငံအတွင်း မှောင်ခိုသွင်းယူသွားမယ်ဆိုရင်လည်း ထောင်ဒဏ်ပြစ်ဒဏ်တွေနဲ့ပါ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ဒါ့အပြင် ကာတာလေဆိပ်မှာ ပရိသတ်တွေအနေနဲ့ အီးစီးကရက်တွေကိုလည်း သယ်ဆောင်နိုင်မှာ မဟုတ်သလို မလုံ့တလုံ အဝတ်အစားတွေကိုပါ လေဆိပ်မှာတင် ကန့်သတ်ပိတ်ဆို့သွားဖို့ ပြင်ဆင်ထားပါတယ်။ အကြောင်းရင်းကတော့ ဒီအဝတ်အစားတွေကို သယ်ဆောင်ခွင့်ပေးလိုက်ရင် ပရိသတ်တွေအနေနဲ့ နိုင်ငံအတွင်းရောက်မှ ပြန်လည်လဲလှယ်ပြီး ဝတ်ဆင်မှာကို စိုးရိမ်တာကြောင့်လို့ သိရှိရပါတယ်။
အရင်တည်းကလည်း ကာတာနိုင်ငံမှာ လိင်တူချစ်သူချင်းကိစ္စရပ်တွေကို တားဆီးပိတ်ပင်ထားသလို တရားဝင်ဇနီးမောင်နှံမဟုတ်ဘဲ အတူတူနေထိုင်ခြင်းတို့ကိုပါ ခွင့်ပြုထားခြင်းမရှိပါဘူး။ တကယ်လို့သာ ဒီလိုမျိုး ပြဿနာတွေရှိခဲ့မယ်ဆိုရင် ကာတာနိုင်ငံရဲ့ဥပဒေအရ ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်ကြောင်း ဗြိတိန် သတင်းဌာနတွေမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
အရက်ဘီယာ သောက်စားခြင်းကိစ္စအတွက်လည်း ကာတာနိုင်ငံမှာ စည်းကမ်းတင်းကျပ်ထားပြီး လူမြင်ကွင်းမှာ သောက်သုံးခွင့်မရှိခြင်း၊ ပွဲမစခင် (၃) နာရီအလို နောက်ဆုံးထားပြီး ဘီယာရောင်းချခွင့်ပြုထားခြင်းနဲ့ ကွင်းအတွင်းမှာ အယ်လ်ကိုဟောမပါဝင်တဲ့ ဘီယာကိုသာ သောက်သုံးခွင့်ပြုပေးထားခြင်းတို့ကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ဟိုတယ်တွေမှာရှိတဲ့ ဘားတွေမှာလည်း ဘီယာစျေးက တော်တော်လေးမြောက်နေပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။