• ကမ္ဘာ့ပထမဆုံး ထရီလီယံနာဖြစ်လာမယ်လို့ ထင်ကြေးပေးခံရတဲ့ နည်းပညာသူဌေး

ဒေါ်လာ ၂၄၀ ဘီလျံကျော် ချမ်းသာပါတယ်

Bloomberg Billionaires Index အရ လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၂၄၂ ဘီလျံအထိ ရှိပါတယ်။ 

အဲ့ဒီအချမ်းသာဆုံးပုဂ္ဂိုလ်ဟာ Tesla နဲ့ SpaceX အာကာသယာဉ်ကုမ္ပဏီသူဌေး အီလွန်မတ်စ်ပါပဲ။ ကမ္ဘာ့အချမ်းသာဆုံး ၅ ဦးစာရင်းမှာ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်က ပါဝင်လာခဲ့တဲ့ ဒီဘီလျံနာဟာ ကမ္ဘာ့ပထမဆုံးထရီလီယံနာ (ဒေါ်လာဘီလျံ ၁၀၀၀ ကျော် ချမ်းသာသူ) ဖြစ်လာမယ်လို့ Morgan Stanley ရင်းနှီးမြှပ်နှံမှုလုပ်ငန်းက ဟောကိန်းထုတ်လိုက်ပါတယ်။ 


ထူးခြားတာက အီလွန်မတ်စ် ထရီလီယံနာဖြစ်လာမယ်ဆိုရင် အဓိကအကြောင်းအရင်းက Tesla ကားကုမ္ပဏီကြောင့် မဟုတ်ဘဲ SpaceX အာကာသလုပ်ငန်းကြောင့် ဖြစ်လာမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ Guardian သတင်းတွေအရ Tesla ရဲ့ အသားတင်တန်ဖိုးဟာ ဒေါ်လာ ၈၅၀ ဘီလျံအထိ ရှိပြီး SpaceX က ဒုတိယအကြိမ် ရှယ်ယာမရောင်းခင် ဒေါ်လာ ၇၄ ဘီလျံပဲ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အောက်တိုဘာလဆန်းပိုင်းမှာ ရှယ်ယာနောက်တစ်ကြိမ် ရောင်းထုတ်ပြီးနောက် SpaceX ဟာ ဒေါ်လာ ၁၀၀.၃ ဘီလျံတန် လုပ်ငန်း ဖြစ်လာခဲ့ပါတယ်။  

image

Photo: thrillist


Tesla ဟာ ၂၀၂၀ မှာ Ford နဲ့ General Motors တို့ကို ကျော်ပြီး အမေရိကန်ရဲ့ တန်ဖိုးအရှိဆုံးကားကုမ္ပဏီဖြစ်လာခဲ့တာပါ။ SpaceX ကတော့ ပုဂ္ဂလိကကုမ္ပဏီဖြစ်ပြီး စတော့ရှယ်ယာကို Public Stock ထုတ်မရောင်းဘဲ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ကုမ္ပဏီရဲ့ရင်းနှီးမြှပ်နှံသူတွေဆီပဲ သီးသန့်ရောင်းနေတာ ဖြစ်ပါတယ်။ SpaceX ကို ၂၀၀၂ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး တစ်ချိန်ချိန်မှာ အင်္ဂါဂြိုလ်ကို လူသားတွေ စေလွှတ်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ တည်ထောင်ခဲ့တာပါ။ 


အစောပိုင်းက ပြန်ပြင်ထားတဲ့ ရုရှားထုတ်ပဲ့ထိန်းဒုံးကျည်တွေဝယ်ဖို့ ကြိုးစားခဲ့ပြီး ဈေးကြီးလွန်းတာ ၊ ရုရှားအာဏာပိုင်တွေနဲ့ အလုပ်လုပ်ဖို့ သိပ်ခက်တာတွေကြောင့် ကိုယ့်ဘာသာ အာကာသယာဉ်တွေ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က NASA ဟာ အာကာသစခန်းထဲ အာကာသယာဉ်မှူးတွေကို ပို့ဆောင်ပေးဖို့ ရုရှားအာကာသယာဉ်ကုမ္ပဏီ Soyuz ကို တစ်ယောက်အတွက် ဒေါ်လာသန်း ၈၀ ဝန်းကျင် ပေးငှားနေရတာပါ။


အာကာသယာဉ်ကုမ္ပဏီတည်ထောင်ပြီး ၆ နှစ်အကြာမှာ NASA ဆီကနေနိုင်ငံတကာအာကာသစခန်း ISS ထဲ ပစ္စည်းတွေ ပို့ဆောင်ပေးဖို့ ဒေါ်လာ ၁.၆ ဘီလျံတန် ကန်ထရိုက်တစ်ခု SpaceX က ရခဲ့ပါတယ်။ အခုဆို Soyuz အာကာသယာဉ်ကို တစ်ဦးစာအတွက် ‌ဒေါ်လာသန်း ၈၀ ပေးငှားခဲ့ရာကနေ NASA ဟာ SpaceX ဒုံးပျံတွေကို ဒေါ်လာ ၅၈ သန်းလောက်နဲ့ ငှားသုံးလာပါတယ်။ 


အင်္ဂါဂြိုလ်ဆီ မပို့ဆောင်နိုင်သေးပေမယ့် SpaceX ကနေ အာကာသပို့ဆောင်ရေးအတွက် Crew Dragon ယာဉ်တွေ အောင်အောင်မြင်မြင်စေလွှတ်နိုင်ပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ SpaceX ကနေ အာကာသယာဉ်မှူးတစ်ဦးမှ မပါဘဲ ခရီးသွား ၄ ဦးကို ကမ္ဘာပတ်လမ်းထဲ ပို့ဆောင်ပေးခဲ့ပါတယ်။ သုံးရက်ကြာတဲ့ ဒီခရီးစဉ်မှာ Inspiration 4 ဒုံးပျံ သုံးပြီး ပျံသန်းခဲ့တာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာလက်ထောက်တစ်ဦး ၊ အင်ဂျင်နီယာ ၊ ပါမောက္ခနဲ့ ဘီလျံနာတစ်ဦးတို့ လိုက်ပါခဲ့ပါတယ်။ 


Photo: tekkaus


SpaceX ဟာ တချိန်မှာ ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံးကုမ္ပဏီတစ်ခုတောင် ဖြစ်လာနိုင်တယ်လို့တောင် Morgan Stanley ရဲ့ ဈေးကွက်ဆန်းစစ်သူ အဒမ်ဂျုံးစ်က ဆိုပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံးပုဂ္ဂလိကကုမ္ပဏီကြီးဖြစ်တဲ့ SpaceX မှာ မတ်စ်ဟာ ရှယ်ယာ ၄၈% ခန့် ပိုင်ဆိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီအထိ မတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းမှာ အဆင့် ၃၅ နေရာက ရှိနေခဲ့ပြီး အခုတော့ ဘီလျံ ၂၄၀ ကျော် ချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံးနေရာကို မယုံနိုင်အောင် ရောက်ရှိလာတာပါ။

လက်ရှိမှာ ဂျက်ဖ်ဘီဇော့စ်ဟာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဖြစ်ပြီး ဒေါ်လာ ၁၉၇ ဘီလျံခန့် ပိုင်ဆိုင်မယ်လို့ Bloomberg က ခန့်မှန်းပါတယ်။ သူ့နောက်မှာ အားနတ် ဘားနော့တ် (၁၆၃ ဘီလျံ) ၊ ဘီလ်ဂိတ်စ် (၁၃၃ ဘီလျံ) နဲ့ မတ်ခ်ဇူကာဘတ်ခ် (ဒေါ်လာ ၁၂၇ ဘီလျံ) တို့က အစဉ်အတိုင်း ချမ်းသာမှုစာရင်းမှာ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က