Lightning အစား USB-C port ပြောင်းပြီး ဖန်တီးထားတဲ့ iPhone တစ်လုံးအတွက် ဒေါ်လာ ၈၅၀၀၀ (မြန်မာငွေသိန်း ၁၅၃၀ကျော်) ပေးဝယ်နေတဲ့သူတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ကန်ပီလွန်နယ်ဆိုတဲ့ စက်ရုပ်အင်ဂျင်နီယာတစ်ယောက်ဟာ iPhone X ကို Lightning ကနေ USB-C port ပြောင်းတဲ့ ဗွီဒီယိုတစ်ခု YouTube ပေါ်တင်ခဲ့ပါတယ်။ "ကမ္ဘာ့ပထမဆုံး USB-C iPhone "လို့ နာမည်ပေးထားတဲ့ ဗွီဒီယိုမှာ အသစ်ပြောင်းလိုက်တဲ့ USB-C port နဲ့ အားသွင်းနိုင်သလို အချက်အလက်တွေကူးပြောင်းတာလည်း လုပ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။
ပီလွန်နယ်ဟာ Swiss Federal Institute of Technology မှာ စက်ရုပ်အတတ်ပညာနဲ့ မဟာဘွဲ့ရထားသူဖြစ်သလို အီလက်ထရွန်းပိုင်းမှာလည်း တတ်ကျွမ်းသူ ဖြစ်ပါတယ်။ Lightning port ကနေ USB-C ပြောင်းဖို့အတွက် ပီလွန်နယ်ဟာ လနဲ့ချီ ကြံဆခဲ့တာပါ။ USB-C ပေါက် ပြောင်းဖို့အတွက် သူဟာ Apple ရဲ့ custom C94 connector ကို ပြန်အထိုင်ချ reverse-engineering လုပ်ခဲ့ရတာပါ။ နောက်မှ USB-C port အမတစ်ခုနဲ့ သူ့ကိုယ်ပိုင် PCB တစ်ခု ဖန်တီးပြီး တပ်ဆင်ခဲ့တာပါ။
အခုတော့ ပီလွန်နယ်ရဲ့ ကိုယ်တိုင်လက်ဖြစ် DIY USB-C iPhone ဟာ eBay အရောင်းဆိုက်ပေါ် ရောက်ခဲ့ပြီး အခုဆို ဒီဖုန်းကို ဝယ်ဖို့ လေလံဆွဲနေကြတာ ဒေါ်လာ ၈၅၅၅၀ (မြန်မာငွေ သိန်း ၁၅၅၀ ခန့်) ရနေပြီလို့ Apple Insider က ဖော်ပြပါတယ်။ ပီလွန်နယ်ကတော့ ဒီထုတ်ကုန်ဟာ Apple Fanboy တွေအတွက် အမှတ်တရစုဆောင်းရာအစစ်ပဲလို့ ဖော်ပြထားပါတယ်။ တစ်ခုရှိတာက ဒီဖုန်းကို ဝယ်မယ့်သူဟာ ဖုန်းကို Restore လုပ်တာ ၊ Update တင်တာနဲ့ Erase လုပ်ပြီး ဖျက်တာမျိုး မလုပ်ဖို့အပြင် နေ့စဉ်အသုံးပြုတာ ၊ ဖုန်း Case ဖွင့်တာမျိုး မလုပ်ဖို့ပါ သဘောတူရမှာ ဖြစ်ပါတယ်။
Photo: cultofmac
Apple ရဲ့ ပစ္စည်းပြုပြင်ရေး Repair ပရိုဂရမ်ရဲ့ စည်းကမ်းချက်ထဲမှာတော့ iPhone တစ်လုံးကို တရားဝင်ခွင့်မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ပြုပြင်တာ ၊ ပြန်တည်ဆောက်တာဟာ Warranty နဲ့ မကိုက်ညီဘူးလို့ သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၈သောင်းခွဲကျော်တန် DIY iPhone တစ်လုံးဟာ Apple ရဲ့ နောက်ဆုံးထွက် iPhone 13 စီးရီးထက် အပြတ်အသတ် ဈေးကြီးနေပေမယ့် အနုပညာလက်ရာအဖြစ် အမှတ်တရသိမ်းချင်သူတွေကတော့ ဝယ်စုကြဖို့ ရှိပါတယ်။
ဥရောပကော်မရှင်ဟာ ဥရောပဈေးကွက်ထဲ တင်သွင်းလာတဲ့ စမတ်ဖုန်းအားလုံး စံအားသွင်းပေါက်အနေနဲ့ USB-C port ပဲ သုံးဖို့ စက်တင်ဘာလထဲက ဥပဒေတစ်ရပ်အဆိုတင်သွင်းထားပါတယ်။ ဒီအဆိုသာ အတည်ဖြစ်ရင်တော့ Lightning port ပဲ သုံးနေဆဲဖြစ်တဲ့ iPhone အတွက် အကျပ်ရိုက်သွားဖို့ ရှိပါတယ်။