ကမ္ဘာ့သမိုင်းမှာ တော်လှန်ရေးဆိုရင် အတူယှဥ်တွဲမြင်မိကြသူတစ်ဦးရှိပါတယ်။ သူကတော့ ချေဂွေဗားရားပါ။
ချေဂွေဗားရားဟာ ကျူးဘားယဥ်ကျေးမှုနဲ့ ကမ္ဘာ့သမိုင်းရဲ့ စိတ်ဝင်စားစရာနဲ့ ထူးခြားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။ သူဟာ ၂၀ ရာစုရဲ့ အငြင်းပွားဖွယ် ထင်ရှားကျော်ကြားသူတွေထဲက တစ်ဦးလည်းဖြစ်ပြီး သူ့အကြောင်း စိတ်ဝင်စားစရာတွေက များလှပါတယ်။ ချေဂွေဗားရားအကြောင်း လူသိနည်းတဲ့အချက်အချို့ကို စုစည်းဖော်ပြထားပါတယ်။

၁။ ကျူးဘားမှာ မွေးဖွားခဲ့သူမဟုတ်
ချေဂွေဗားရားနဲ့ ကျူးဘားတော်လှန်ရေးကို ခွဲခြားလို့ မရပါဘူး။ ဒါပေမဲ့ သူဟာ ကျူးဘားနိုင်ငံဖွားတစ်ယောက် မဟုတ်ခဲ့ဘဲ အာဂျင်တီးနားနိုင်ငံမှာ အရှိန်အဝါကြီးတဲ့ မိသားစုကနေ မွေးဖွားခဲ့သူပါ။ ချေဂွေဗားရားဟာ လက်တင်အမေရိကတစ်ဝန်း ဆိုင်ကယ်စီး ခရီးစဥ်ထွက်ခဲ့ရာမှ ကျူးဘားရဲ့ နိုင်ငံရေးကို စိတ်ဝင်စားလာခဲ့တယ်လို့ ဆိုပါတယ်။
၂။ ချေဂွေဗားရားက ဖခင်တစ်ယောက်ဖြစ်ခဲ့
ကမ္ဘာတစ်ဝန်းမှာ ချေဂွေဗားရားရဲ့ ပုံရိပ်တွေကို ရှပ်အင်္ကျီ၊ ပိုစတာနဲ့ စာအုပ်တွေမှာ မြင်တွေ့ရသမျှ ဖခင်တစ်ယောက်ဖြစ်မယ်လို့ အများက မထင်ခဲ့ကြဘူးလို့ ဆိုပါတယ်။ တကယ်တော့ ချေဂွေဗားရာဟာ ကလေးငါးယောက်ရဲ့ ဖခင်ဖြစ်ပါတယ်။ သူ့ကလေးတွေကို ၁၉၅၆ နဲ့ ၁၉၆၅ ခုနှစ်ကြားမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။
ချေဂွေဗားရာက ပထမဇနီးဖြစ်တဲ့ စီးပွားရေးပညာရှင်၊ ကွန်မြူနစ်ခေါင်းဆောင်နဲ့ စာရေးဆရာမ Hilda Gadea ကို ၁၉၅၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ သူ့ရဲ့ ဒုတိယဇနီးကတော့ ကျူးဘားတော်လှန်ရေးသမားနဲ့ ဖီဒယ်ကက်စထရိုရဲ့ ကျူးဘားစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ Aleida March ဖြစ်ပြီး ၁၉၅၉ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။
၃။ ဆေးပညာသင်ယူခဲ့သူ ချေဂွေဗားရား
ချေဂွေဗားရားဟာ လက်တင်အမေရိက နိုင်ငံရေးကို စိတ်မဝင်စားခဲ့ဘူးဆိုရင် ထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာနိုင်သူပါ။ သူဟာ လက်တင်အမေရိကတစ်ဝန်း ဆိုင်ကယ်ခရီးစဥ် မထွက်မီအထိ ဗျူနိုအေရီစ်တက္ကသိုလ်မှာ ဆေးပညာဘာသာရပ်ကို သင်ယူခဲ့ပါတယ်။
၃။ ငွေစက္ကူနဲ့ တံဆိပ်ခေါင်းတွေပေါ်မှာ ပုံနှိပ်ဖော်ပြခံရသူ
ဘိုလီးဗီးယားနိုင်ငံမှာ သေနတ်ဖြင့်ပစ်ခတ် ကွပ်မျက်ခံခဲ့ရပေမဲ့ ချေဂွေဗားရားကို ကျူးဘားနိုင်ငံမှာ အမျိုးသားသူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုထားပြီး သူ့ရဲ့မျက်နှာပုံကို ငွေစက္ကူပေါ်မှာ ပုံနှိပ်ဖော်ပြထားပါတယ်။ ချေဂွေဗားရားရဲ့ ပုံရိပ်တွေကို ရုရှား၊ အာဂျင်တီးနားနဲ့ ကျူးဘားနိုင်ငံတို့ရဲ့ တံဆိပ်ခေါင်းတွေပေါ်မှာ ပုံနှိပ်ဖော်ပြထားပါတယ်။
၄။ ဘဏ်လုပ်ငန်းရှင်ဖြစ်ခဲ့သူ
တော်လှန်ရေးသမား ချေဂွေဗားရားကို စားပွဲတစ်လုံးမှာထိုင်ပြီး ကိန်းဂဏန်းတွေ စိစစ်တွက်ချက်နေတာမျိုး တွေးမြင်ကြည့်ဖို့ ခက်ခဲလှပါတယ်။ ဒါပေမဲ့ အမှန်တကယ်မှာ ချေဂွေဗားရားက ကျူးဘားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးနဲ့ ကျူးဘားနိုင်ငံ အမျိုးသားဘဏ်ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ဘဏ္ဍာရေးနယ်ပယ်မှာလည်း အလုပ်လုပ်ကိုင်ခဲ့သူပါ။
၅။ တော်လှန်ရေးကို အခြားနိုင်ငံများသို့ ပျံ့နှံ့စေလိုခဲ့သူ
ချေဂွေဗားရားက ကျူးဘားမှာ သူဦးဆောင်ခဲ့တဲ့ တော်လှန်ရေးစိတ်ကူးတွေကို ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားစေရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကျူးဘားမှာ အောင်မြင်ခဲ့သလို ဘိုလီးဗီးယားနဲ့ ကွန်ဂို နှစ်နိုင်ငံလုံးမှာ သူ့ရဲ့တော်လှန်ရေးနည်းဗျူဟာတွေကို အသုံးပြုရန် ချေဂွေဗားရားက ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ယဥ်ကျေးမှု မတူကွဲပြားခြင်းတွေနဲ့ စိတ်ဝင်စားမှု မရှိခြင်းတို့ကြောင့် ဘိုလီဗီးယားနဲ့ ကွန်ဂိုမှာ တော်လှန်ရေးမအောင်မြင်ခဲ့ပါဘူး။
၆။ ခရီးသွားချစ်သူ ချေဂွေဗားရား
ချေဂွေဗားရားကို လက်တင်အမေရိကန်တစ်ဝန်း ခရီးလှည့်လည်သွားသူအဖြစ်လည်း လူသိများကြပါတယ်။ သူ့ဘဝရဲ့ နောက်ဆုံးနှစ်တွေမှာလည်း ချေဂွေဗားရားက ကမ္ဘာပတ် ခရီးထွက်ချင်ခဲ့သူပါ။ ချေဂွေဗားရားဟာ ကျူးဘားတော်လှန်ရေးအပြီး ၁၉၅၉ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ရည်ရွယ်ချက်ဖြင့် မြန်မာ၊ ဂျပန်၊ အိန္ဒိယ၊ အီဂျစ်၊ ဂရိ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ယူဂိုဆလားဗီးယား၊ မော်ရိုကို၊ ဆူဒန်၊ ဆီးရီးယား၊ ပါကစ္စတန်နဲ့ သီရိလင်္ကာ နိုင်ငံတွေကို ခရီးသွားခဲ့ပါတယ်။ ခရီးစဥ်တွေမှာ ချေဂွေဗားရားကို တော်လှန်ရေးကနေ ဆေးပညာအထိ သင်ကြားပို့ချရန် တောင်းဆိုခံခဲ့ရပါတယ်။
၇။ Rolex နာရီကြိုက်သူ
တော်လှန်ရေးသမား ချေဂွေဗားရားက Rolex အမှတ်တံဆိပ် လက်ပတ်နာရီကို ကြိုက်နှစ်သက်သူဖြစ်ပြီး Rolex GMT Master နာရီကို သူ့လက်ကောက်ဝတ်မှာ တစ်ချိန်လုံး ပတ်ထားလေ့ရှိပါတယ်။
၈။ အမေရိကန်အစိုးရက အသက်ရှင်လျက် ဖမ်းမိချင်ခဲ့
ချေဂွေဗားရားဟာ အမေရိကန်နဲ့ CIA ရဲ့ တစ်ချိန်လုံး စောင့်ကြည့်ခံရသူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရက သူ့ကို သတ်ပစ်ခြင်းထက် စစ်ဆေးမေးမြန်းရန် အသက်ရှင်လျက် ဖမ်းဆီးလိုခဲ့ပါတယ်။ ချေဂွေဗားရားကို ကွပ်မျက်ပစ်ရန် ဘိုလီးဗီးယားရဲ့ ဆုံးဖြတ်ချက်ဟာ အသုံးမကျဘူးလို့ ထိုစဥ်က အမေရိကန်သမ္မတ Lyndon B. Johnson က ယုံကြည်ခဲ့ကြောင်း လျှို့ဝှက်အဆင့်အတန်း လျှော့ချသတ်မှတ်လိုက်တဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
၉။ ချေဂွေဗားရား သေဆုံးပြီးနောက် လက်တွေကို ဖြတ်ယူခဲ့
ဘိုလီးဗီးယားအစိုးရက ချေဂွေဗားရားကို အမှန်တကယ် ကွပ်မျက်လိုက်ကြောင်း သက်သေလိုအပ်ခဲ့ရာ ဘိုလီးဗီးယားစစ်တပ်မှ ဆရာဝန်တွေက ချေဂွေဗားရားရဲ့ လက်တွေကိုဖြတ်ယူပြီး ဖော်မလင်ထဲမှာ စိမ်ထားခဲ့ပါတယ်။ ထို့နောက် ချေဂွေဗားရားဖြစ်ကြောင်း လက်ဗွေအတည်ပြုရန် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီစ်မြို့သို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
၁၀။ ဆယ်စုနှစ်တွေနဲ့ချီ ပဟေဠိဖြစ်ခဲ့တဲ့ ချေဂွေဗားရားရဲ့ ရုပ်အလောင်း
၁၉၆၇ ခုနှစ်က ဘိုလီးဗီးယားမှာ ကွပ်မျက်ခံခဲ့ရတဲ့ ချေဂွေဗားရားရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေရှိတဲ့ တည်နေရာကို ၁၉၉၅ ခုနှစ်ကျမှသာ အငြိမ်းစား ဘိုလီးဗီးယားဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော်ပြောမှုအရ သိရှိခဲ့ရပါတယ်။ နိုင်ငံအချို့က ချေဂွေဗားရားရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေကို ရှာဖွေတွေ့ရှိရန် ၂ နှစ်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ ချေဂွေဗားရားရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေကို ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ခဲ့ပြီး ကျူးဘားနိုင်ငံ စန်တာကလာရာမြို့မှာ ဂူဗိမာန်တစ်ခုအတွင်း စစ်တပ်ဂုဏ်ပြုအခမ်းအနားနဲ့အတူ မြှုပ်နှံခဲ့ကာ အထိမ်းအမှတ်ကျောက်တိုင်နဲ့ ရုပ်တုကိုလည်း စိုက်ထူထားရှိပါတယ်။
Ref and Photo: History, Wikipedia, Cheguevara.org, News Agencies