ကမ္ဘာတစ်ဝန်း စိတ်ဝင်စားစရာ မိုးရာသီပွဲတော်တွေအကြောင်း

သက်ဆိုင်ရာနိုင်ငံရဲ့ ယဉ်ကျေးမှု ကြွယ်ဝပုံနဲ့ ရိုးရာဓလေ့တွေ ရောစပ်ထားလို့ မမေ့နိုင်တဲ့ မိုးရာသီပွဲတော်တွေကို ကြုံရမှာပါ။

"မိုးရာသီမှာလည်း ခရီးဆက်သွားနေမှာပဲ" ဆိုတဲ့ ခရီးသွားချစ်သူတွေအတွက် နိုင်ငံအများစုက နာမည်ကြီးတဲ့ ပွဲတော် ၇ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီပွဲတော်တွေဟာဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့ ယဉ်ကျေးမှု ကြွယ်ဝပုံနဲ့  ရိုးရာဓလေ့တွေ ရောစပ်ထားလို့ မမေ့နိုင်တဲ့ မိုးရာသီပွဲတော်တွေကို ကြုံရမှာပါ။ 


Holi - အိန္ဒိယ


image


"ရောင်စုံပွဲတော်" လို့ လူသိများတဲ့ Holiပွဲတော်ကို အိန္ဒိယရဲ့ နေရာအတော်များများမှာ ကျင်းပကြပြီး မိုးရာသီစတင်ချိန်နဲ့ တိုက်ဆိုင်လေ့ရှိပါတယ်။ နာမည်ကျော် ဟိန္ဒူပွဲတော်တစ်ခုဖြစ်ပြီး ဆေးရောင်စုံတွေနဲ့ ပက်ဖျန်းတာ၊ ရေပက်တာနဲ့ ပျော်ရွှင်ဖွယ် လမ်းဘေးအကတွေနဲ့ ဂုဏ်ပြုတဲ့ ဒီပွဲတော်ဟာဆိုရင် မကောင်းမှုရဲ့ အောင်ပွဲနဲ့ နွေဦး ရောက်ရှိလာတာကို ကိုယ်စားပြုပါတယ်။ ပွဲတော်အချိန်မှာ မိုးရွာတာက ပျော်ရွှင်စရာတစ်ခုထပ်တိုးလာသလို အရောင်အသွေးပိုမိုတက်ကြွလာပြီး ပါဝင်ဆင်နွှဲသူတွေကို ပိုကြည်နူးစေပါတယ်။ 


Boryeong Mud Festival - တောင်ကိုရီးယား



တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၂၀၀ခန့်အကွာမှာရှိတဲ့ Boryeong မြို့ဟာ ဇူလိုင်လတိုင်းမှာ ရွှံ့ကစားပွဲကို ကျင်းပနေစမြဲပါ။ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Boryeong မြို့ရဲ့ Boryeong Mud Festival ဟာ ရွှံ့နပန်းကစားပွဲ၊ ရွှံ့လျှောစီးတာနဲ့ ရွှံ့ပန်းချီတွေနဲ့ ဆွဲဆောင်ထားနိုင်ပြီး အသစ်အဆန်းကို နှစ်သက်သဘောကျတဲ့ သန်းနဲ့ချီတဲ့ ခရီးသွားတွေကို အလည်လာဖို့ ဖိတ်ခေါ်နေပါတယ်။ အစပိုင်းမှာတော့ ကိုရီးယားပြည်တွင်းက ရွှံ့အလှကုန်တွေကို ကြော်ငြာဖို့ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပါဝင်ဆင်နွှဲသူတွေ အများအပြားရှိလာလို့ နာမည်ကျော်ကြားလာခဲ့တာပဲဖြစ်ပါတယ်။ အထူးသဖြင့် မုတ်သုံရာသီမှာဆိုရင်တော့ ဒီပွဲတော်ဟာ စိတ်လွတ်လက်လွတ် ဆော့ကစားပျော်ရွှင်နိုင်တဲ့ နိုင်ငံတကာပွဲတော်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ 


Kandy Esala Perahera - သီရိလင်္ကာ



Kandy Esala Perahera ပွဲတော်ဟာဆိုရင် ဇူလိုင်လ (သို့မဟုတ်) သြဂုတ်လမှာ ကျင်းပလေ့ရှိတဲ့ သီရိလင်္ကာရဲ့ အခမ်းနားဆုံးပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီပွဲတော်မှာဆိုရင် တခမ်းတနား အလှဆင်ထားတဲ့ ဆင်တွေ၊ ရိုးရာအကတွေ၊ မီးရှူးသမားတွေနဲ့ ဂီတပညာရှင်တွေရဲ့ ရင်သပ်ရှုမောဖွယ် စီတန်းလှည့်လည်တာတွေ ပါဝင်ပါတယ်။ Kandy Esala Perahera ပွဲတော်ဟာ ဗုဒ္ဓရဲ့ မြင့်မြတ်တဲ့ "သွားတော်" ရုပ်ပွားတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်ပြီး မိုးရေစက်တွေက ပွဲတော်ကျင်းပရာလမ်းတစ်လျှောက်က မီးရောင်တွေကို ပိုလင်းလက်စေလို့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ရသကို ခံစားရစေနိုင်ပါတယ်။ 


La Tomatina – စပိန်



Valencia အနီးမှာရှိတဲ့ Buñol မြို့မှာ ကျင်းပတဲ့ La Tomatina ပွဲတော်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အစားအသောက်တိုက်ပွဲဖြစ်ပြီး ပါဝင်သူတွေက မှည့်နေတဲ့ ခရမ်းချဉ်သီးတွေနဲ့ အချင်းချင်း ပစ်ပေါက်ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း သြဂုတ်လ နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ ဒီပွဲတော်ဟာ မိုးရာသီနဲ့ တိုက်ဆိုင်လေ့ရှိပါတယ်။ မိုးစိုနေတဲ့ လမ်းတွေပေါ်က ခရမ်းချဉ်သီးပင်လယ်ထဲမှာ ပါဝင်ရတဲ့အတွေ့အကြုံက ထူးခြားပြီး မမေ့နိုင်တဲ့ အမှတ်တရတစ်ခုကို ရရှိစေမှာပါ။ 


Gion Matsuri - ဂျပန်



Kyotoမြို့ရဲ့ Gion Matsuri ပွဲတော်ကတော့ သည် ဇူလိုင်လတစ်လျှောက်လုံးမှာ ကျင်းပတဲ့ ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံးပွဲတော်တွေထဲက တစ်ခုပါပဲ။ ရက်ရှည်ကျင်းပတဲ့ ဒီပွဲတော်အခမ်းအနားမှာ စီတန်းလှည့်လည်ပွဲ၊ ရိုးရာဂီတနဲ့ လမ်းပေါ်ပါတီတွေ ပါဝင်ပါတယ်။ အထူးခြားဆုံးကတော့ ချည်ရက်ထည်တွေ၊ ဆေးဆိုးထားတဲ့ အထည်တွေ၊ပန်းပုလက်ရာတွေနဲ့ အလှဆင်ထားတဲ့ စီတန်းပွဲဖြစ်ပြီး ကြီးကျယ်ခမ်းနားလွန်းလို့ နိုင်ငံခြားခရီးသွားတွေအတွက်တော့ ရင်သပ်ရှုမောစရာ မြင်ကွင်းဆိုလည်း မမှားပါဘူး။ ပွဲတော်ကျင်းပချိန်မှာ မိုးရွာခဲ့ရင်တော့ ပါဝင်သူတွေက ဂျပန်ရိုးရာထီးတွေ ဆောင်းကြတာကလည်း ကျိုတိုမြို့ရဲ့ သမိုင်းဝင်လမ်းတွေကို ပိုလှပစေပါတယ်။

ကျိုတိုမြို့ရဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ အတွေ့အကြုံတွေကို အမှန်တကယ် ခံစားချင်တယ်ဆိုရင်တော့ Gion Matsuri ပွဲတော်ကျင်းပတဲ့ ဇူလိုင်လအတွင်းမှာ သွားလည်ပတ်တာက အကောင်းဆုံးပါပဲ။ 


Inti Raymi – ပီရူး



Inti Raymi (သို့) နေနတ်ဘုရားပွဲတော်ဟာဆိုရင် နေနတ်ဘုရား Inti ကို ဂုဏ်ပြုဖို့ ဇွန်လ ၂၄ရက်နေ့တိုင်း Cuscoမှာ ကျင်းပလေ့ရှိပါတယ်။ ရှေးတုန်းက ရှိခဲ့တဲ့ Incan ခေတ် အပျက်အစီးတွေရဲ့ နောက်ခံမှာ ရောင်စုံဝတ်စုံတွေနဲ့ ရိုးရာအကတွေက မိုးရေစိုစွတ်နေတဲ့ ရှုခင်းနဲ့ဆိုရင် ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတစ်ခုကို မြင်ရစေပါတယ်။


Festas Juninas - ဘရာဇီးလ် 



Festas Juninas ပွဲတော်ဟာ ဇွန်လတစ်လလုံး ဘရာဇီးလ်နိုင်ငံမှာ ကျင်းပတဲ့ ရိုးရာပွဲတစ်ခုဖြစ်ပါတယ်။ ပွဲတော်အတွင်း ရေပန်းစားတာကတော့ လမ်းတွေ၊ နေအိမ်တွေကို ရောင်စုံအလံတွေနဲ့ အလှဆင်ထားတာနဲ့ ရိုးရာကစားပွဲတွေပါပဲ။ ဒီပွဲတော်ဟာဆိုရင် ဘရာဇီးလ်ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းမြှင့်တင်ဖို့ ရည်ရွယ်ပြီး လာရောက်လည်ပတ်ကြတဲ့လူအများကိုလည်း ဂီတ၊ အက၊ အစားအစာနဲ့ မျိုးဆက်တစ်လျှောက် အမွေဆက်ခံခဲ့တဲ့ ရိုးရာဓလေ့တွေကို တွေ့ကြုံခံစားရစေပါတယ်။ 


ဒီပွဲတော်တွေကနေ မတူကွဲပြားတဲ့ ယဉ်ကျေးမှုကို သိရှိနိုင်ပြီး မိုးရာသီကို ပျော်ရွှင်မှုအပြည့်နဲ့ ဆင်နွှဲပုံကိုလည်း သိရှိရမှာပါ။ အိန္ဒိယရဲ့ ဆေးရောင်စုံပွဲတော်ကနေ တောင်ကိုရီးယားရဲ့ ရွှံ့နွံပွဲတော်အထိ ပွဲတော်တစ်ခုစီတိုင်းက  မိုးရာသီကို ခံစားနိုင်ဖို့ အသွင်သစ်တွေ ပေးစွမ်းနေတာ အမှန်ပါပဲ။ ဒါကြောင့် မိုးရာသီမှာ ခရီးသွားမယ်ဆိုရင် ဒီလိုမိုးရာသီပွဲတော်တွေမှာ မမေ့နိုင်တဲ့ အတွေ့အကြုံကို တစ်ခါလောက် လည်ပတ်ကြည့်ဖို့ အကြံပြုလိုက်ပါရစေ။ 

ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က