မေလ ၂၃ ရက် ညနေပိုင်းက ကန့်ဘလူ-ကျွန်းလှဘူတာအကြား မီးရထားသံလမ်းပေါ်မှာ ကျောက်တုံးကြီးတွေ၊ သစ်သားစည်းတိုင်တွေ တင်ထားတာကို တွေ့ရှိရပြီး အမှတ် ၄၇ အဆန် မန္တလေး-နဘားရထားကို အချိန်မီ ရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။
Photo Minh Suu Naing
မန္တလေး-နဘားရထားဟာ မိုင်တိုင်အမှတ် (၄၉၄/၅) ကိုရောက်ရှိစဉ် ကွန်ကရစ်ဇလီဖားမှာ အသုံးပြုတဲ့ ကလစ်ကွင်း၊ ကျောက်ခဲတွေနဲ့ သစ်သားစည်းတိုင်တို့ကို မီးရထားမောင်းနှင်တဲ့ သံလမ်းပေါ်မှာ တွေ့ခဲ့ရတာပါ။ အဆိုပါ ဖြစ်စဉ်ကြောင့် မီးရထားကို ၁၀ မိနစ်ခန့် ရပ်တန့်ပြီး မီးရထားတာဝန်ရှိသူတွေက သံလမ်းမပေါ်တင်ထားတဲ့ ပစ္စည်းတွေကို ဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။
မီးရထားကို ဘေးအန္တရာယ်ကျရောက်စေရန် မီးရထားလမ်းမပေါ်ကို သစ်သားစည်းတိုင်တွေ၊ ကျောက်ခဲ့တွေနဲ့ ကလစ်ကွင်းတင်ဆောင်သူကို အရေးယူပေးဖို့အတွက် ကန့်ဘလူမြို့မရဲစခန်းကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
Photo -Minh Suu Naing
“ မနေ့ညက သက်သေဓာတ်ပုံနဲ့တကွ လာတိုင်ထားပါတယ်။ ကျွန်တော်တို့ အခင်းဖြစ်တဲ့နေရာကို သွားကြည့်ပြီးပါပြီ။ သစ်သား သုံးလေးချောင်းတွေ့ပါတယ်။ တရားခံဖမ်းမိအောင် ဆောင်ရွက်နေပါတယ်” လို့ ကန့်ဘလူမြို့မရဲစခန်းမှ အမှုစစ် ရဲအုပ်သက်နိုင်က Duwun ကိုပြောပါတယ်။
မီးရထားလမ်း ၄၉၄ မိုင် ၅ ဖာလုံကနေ ၁၀ ဖာလုံအကြားမှာ ကွန်ကရစ်ဇလီဖားမှာ အသုံးပြုတဲ့ ကလစ်ကွင်း ၄ ကွင်းစီကို ပေ (၁၀၀) ခန့် တစ်ပုံစီပုံပြီး ၉ ပုံ ထားရှိပြီး ကျောက်ခဲ ၄ ခဲ၊ အရှည် (၅) ပေ၊ လုံးပတ် (၆) လက်မရှိတဲ့ သစ်သားစည်းတိုင် (၁၀) တိုင်ကို မီးရထားမောင်းနှင်တဲ့သံလမ်းမပေါ်တင်ထားတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။