ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်က ကုသရေးဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှာ လစ်လပ်နေတဲ့ လက်ထောက်ဆရာဝန် ၂၀၀၀ နဲ့ သွားဆရာဝန် ၁၅၀ နေရာအတွက် လျှောက်ထားနိုင်တယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
လက်ထောက်ဆရာဝန်ရာထူးအတွက် M.B.B.S (ဆေးပညာဘွဲ့) ရရှိပြီး (ဆမ) ကိုင်ဆောင်ထားသူ၊ ဦးစီးအရာရှိ သွားကျန်းမာ ရာထူးအတွက် B.D.S (သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့) ရရှိပြီး (သခ) ကိုင်ဆောင်ထားသူများ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ စက်တင်ဘာ ၁၄ ရက်အထိ အသက် ၃၅ နှစ်မကျော်လွန်သူများ လျှောက်ထားနိုင်ပါတယ်။
လျှောက်လွှာကို နေပြည်တော် ပြည်ထောင်စုရာထူးဝန်အ ဖွဲ့၊ ရုံးအမှတ်(၁၇)၊ ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ် ကွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရန်ကုန်ရုံးခွဲနှင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ရုံးတွေမှာ ဝယ်ယူနိုင်ပြီး ၂၀၁၈ စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး လူကိုယ်တိုင် (သို့မဟုတ်)စာတိုက်မှတစ်ဆင့် နေပြည်တော်ရှိ ပြည်ထောင်စုရာ ထူးဝန်အဖွဲ့ရုံးအမှတ်(၁၇)သို့ ပေးပို့ရမယ်လို့ ထုတ်ပြန်ချက်မှာ ကြေညာထားပါတယ်။
လျှောက်လွှာတင်သူတွေထဲကမှ လူတွေ့စစ်ဆေးခံယူမယ့်သူတွေကို ခုံအမှတ်၊ အမည်စာရင်းတို့ကို အောက်တိုဘာ ၈ ရက်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ Facebook နဲ့ Website တို့မှာ ကြေညာပေးမှာ ဖြစ်တယ်လို့သိရပါတယ်။
အောက်တိုဘာ ၂၁ ၊ ၂၂ ရက်တို့မှာ စိတ်အခြေအနေ၊ လူတွေ့စစ်ဆေးခြင်းတွေကို နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးမှာဖြေဆိုရမှာ ဖြစ်ပါတယ်။
ယခုလအတွင်း ပခုက္ကူမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေသခံပြည်သူတွေစကားဝိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ မယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးက မေးမြန်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်လို့ ဖြစ်နိုင်တယ်လို့ ပြောကြားသွားခဲ့ပြီး ကျန်းမာရေးဝန်ကြီး ဦးမြင့်ထွေးကလည်း ဝန်ထမ်းတိုးမြှင့်ပေးသွားမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။