ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး စတင်ချိန်ကစပြီး အရှေ့တောင်အာရှ ၆ နိုင်ငံမှာ အွန်လိုင်းကနေ ဈေးဝယ်သူဦးရေဟာ သန်း ၇၀ အထိ ထပ်တိုးလာတယ်လို့ အစီရင်ခံစာတစ်စောင်က ဆိုပါတယ်။
Facebook နဲ့ Bain & Company တို့ ပေါင်းပြီး လုပ်ဆောင်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားဖို့ အစိုးရတွေအနေနဲ့ ပြည်သူတွေကို အိမ်ထဲမှာပဲ နေစေဖို့ တိုက်တွန်းတာကြောင့် အရှေ့တောင်အာရှဒေသတွင်းမှာ e-Commerce ၊ အစားအသောက် ပို့ဆောင်မှုနဲ့ အွန်လိုင်းငွေပေးချေရေးနည်းလမ်းတွေလို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာတယ်လို့လည်း ဒီအစီရင်ခံစာက ဆိုပါတယ်။
ဒီနှုန်းထားဟာ ဆက်ပြီး တိုးတက်လာဖို့ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ အစီရင်ခံစာဟာ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်းနဲ့ ဗီဘက်နမ်က လူပေါင်း ၁၆၀၀၀ ကျော်ကို စစ်တမ်းကောက်ပြီး တွက်ချက်ထားတာပါ။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အရှေ့တောင်အာရှ ဒစ်ဂျစ်တယ်စားသုံးသူဦးရေဟာ သန်းပေါင်း ၃၅၀ အထိ ရောက်လာမယ်လို့လည်း အစီရင်ခံစာက ခန့်မှန်းထားပါတယ်။
၂၀၂၁အကုန်ပိုင်းမှာ အခုစစ်တမ်းပါ နိုင်ငံတွေထဲက အသက် ၁၅ နှစ်နဲ့အထက် လူဦးရေရဲ့ ၇၀% ကျော်ဟာ အွန်လိုင်းကနေ ဈေးဝယ်မယ်လို့ Facebook နဲ့ Bain က ခန့်မှန်းထားတာပါ။ ၂၀၂၆ အရောက်မှာ အရှေ့တောင်အာရှ အွန်လိုင်းဈေးဝယ်သူဦးရေဟာ သန်းပေါင်း ၃၈၀ အထိ ရောက်လာဖို့ ရှိပါတယ်။ အင်ဒိုနီးရှားဟာ အခုစစ်တမ်းပါ နိုင်ငံတွေထဲမှာ ဈေးကွက်အင်အားအကြီးဆုံးနဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံး နိုင်ငံဖြစ်ပြီး ၂၀၂၀ မှာ ဒစ်ဂျစ်တယ်စားသုံးသူ ဖောက်သည် ၁၄၄ သန်းကနေ ၂၀၂၁ မှာ ၁၅% တိုးပြီး ၁၆၅ သန်းအထိ မြင့်တက်လာမယ်လို့လည်း ဆိုပါတယ်။
Photo: CNBC
အရှေ့တောင်အာရှနိုင်ငံမှ ဒစ်ဂျစ်တယ်စနစ် သုံးစွဲသူတစ်ဦးချင်းစီရဲ့ အွန်လိုင်းပေါ်က ပျမ်းမျှငွေသုံးစွဲမှုဟာ ၂၀၂၀ ပြည့်နှစ်မှာ တစ်ဦးကို ၂၃၈ ဒေါ်လာ ရှိခဲ့ရာကနေ ၂၀၂၁ မှာ ၆၀% ပိုတိုးပြီး ၃၈၁ ဒေါ်လာအထိ မြင့်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အွန်လိုင်းလက်လီစတိုးရှယ်ယာဟာလည်း အရှေ့တောင်အာရှဒေသတွင်းမှာ ပြီးခဲ့တဲ့နှစ်က ၅% ရှိရာကနေ ၉% တက်လာတယ်လို့ ဆိုပါတယ်။ ဒါဟာ ဘရာဇီး ၊ တရုတ်နဲ့ အိန္ဒိယတို့ထက်တောင် ဖွံ့ဖြိုးမှု မြန်ဆန်နေတာ ဖြစ်ပါတယ်။
ကပ်ဘေးကာလ အရှေ့တောင်အာရှရဲ့ မြန်ဆန်တဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲမှုဖြစ်စဉ်ဟာ ဒေသတွင်းဒစ်ဂျစ်တယ် စီးပွားရေးအတွက် ကြီးမားတဲ့အခွင့်အလမ်းကို ယူဆောင်လာပါတယ်။ "ဒီဒေသက အနည်းဆုံး နောက်ထပ် ၁၀အထိ ဖွံ့ဖြိုးတဲ့ဈေးကွက်ဖြစ်နေဦးမှာပါ။ ဒေသဈေးကွက်လိုအင်နဲ့ ထုတ်ကုန်သစ်တွေကလည်း မြင့်တက်လာဦးမှာပါ။" လို့ Golden Gate Ventures မှ ဂျက်စတင်ဟောက ပြောပါတယ်။