• Featured

    ကိုဗစ်ကပ်ရောဂါနဲ့အတူ ကမ္ဘာတစ်ဝန်း ရောင်းအားမြင့်တက်နေအုံးမယ့် သန့်ရှင်းရေးသုံးပစ္စည်းများ

လူတစ်ဦးချင်းစီ၊ မိသားစုတစ်ခုချင်းစီနဲ့ တစ်နိုင်ငံချင်းစီမှာ ရောဂါကူးစက်မှုကာကွယ်ရန် သန့်ရှင်းရေးကိစ္စကို အလေးထားလာခဲ့ကြပါတယ်

ယမန်နှစ်အတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှုများ အဆိုးရွားဆုံး မြင့်တက်ဖြစ်ပွားနေခဲ့စဥ် ကမ္ဘာ့လူဦးရေထက်ဝက်ဟာ အိမ်မှာပဲနေကြရန် ညွှန်ကြားကန့်သတ်ခံခဲ့ရပါတယ်။

လူတွေဟာ အိမ်မှာပဲနေကြရမှာဖြစ်တာကြောင့် စားနပ်ရိက္ခာအပြင် COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ရေး တတ်နိုင်သမျှ အားထုတ်လုပ်ဆောင်လာကြရာ အိမ်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကိုလည်း စူပါမတ်ကက်တွေမှာ ပြတ်လပ်သွားတဲ့အထိ အများအပြား ဝယ်ယူစုဆောင်းကြပါတယ်။

image

(Photo: Polina Tankilevitch/Pexels)

ကူးစက်မြန်တဲ့ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားလာမှုနဲ့အတူ လူတစ်ဦးချင်းစီ၊ မိသားစုတစ်ခုချင်းစီနဲ့ တစ်နိုင်ငံချင်းစီမှာ ရောဂါကူးစက်မှုကာကွယ်ရန် သန့်ရှင်းရေးကိစ္စကို ဂရုတစိုက် အလေးထား လုပ်ဆောင်လာခဲ့ကြပြီး ကမ္ဘာတစ်ဝန်း သန့်ရှင်းရေးပစ္စည်းအမျိုးမျိုး ရောင်းအားဟာ ၂၀၂၀ ခုနှစ်အတွင်း ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံရှိခဲ့ကြောင်း ဈေးကွက်သုတေသနကုမ္ပဏီ Euromonitor က ဆိုပါတယ်။

ကမ္ဘာတစ်ဝန်း အိမ်သန့်ရှင်းရေးပစ္စည်းရောင်းအားတွေဟာ နောက်ထပ် ဆက်လက် မြင့်တက်နေအုံးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ ဖြစ်လာမယ်လို့လည်း Euromonitor ရဲ့ သုတေသနအချက်အလက်တွေအရ သိရှိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေကာကွယ်ရန် ဆပ်ပြာနဲ့ ဘက်တီးရီးယားကို သေစေနိုင်တဲ့ လက်သန့်စင်ဆေးရည် ရောင်းချရမှုဟာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။

(Photo: iStock/mixetto)

ဒါ့အပြင် COVID-19 ကပ်ရောဂါကာလအတွင်း လေထုသန့်စင်ရေး၊ ကာဗွန်ဒိုင်အောက်ဆိုက် စောင့်ကြည့်ရေးနဲ့ ခရမ်းလွန်ရောင်ခြည်သုံး ပိုးသတ်ကိရိယာကဲ့သို့ သန့်ရှင်းရေးထုတ်ကုန်ပစ္စည်းတွေလည်း အသစ်ပေါ်ထွက်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ မျက်နှာပြင်အမျိုးမျိုးကို ကိုင်တွယ်ထိတွေ့မှုကနေ ကူးစက်ခံရနိုင်တာကြောင့် မျက်နှာပြင်တွေမှာ ဗိုင်းရပ်စ်ကပ်ငြိမနေစေရန် သန့်ရှင်းရေးပစ္စည်းတွေ အသုံးပြုလာကြပြီး လက်သန့်စင်ဆေးကြောတဲ့ အလေ့အကျင့်ကိုလည်း လူတန်းစားအလွှာပေါင်းစုံမှာ သတိထား လုပ်ဆောင်လာကြပါတယ်။

လေ့လာတွေ့ရှိချက် အများအပြားအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ကတ်ထူပြားတွေပေါ်မှာ ၂၄ နာရီကြာ၊ ပလပ်စတစ်တွေပေါ်မှာ ၇၂ နာရီကြာ၊ ငွေစက္ကူတွေနဲ့ ဖုန်းမျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်ကြာအထိ ရှင်သန်နေနိုင်တယ်လို့ သိထားကြရတာကြောင့်လည်း လူတွေက မျက်နှာပြင်တွေ သို့မဟုတ် ဗိုင်းရပ်စ်ကပ်ငြိနေနိုင်တဲ့ ပစ္စည်းတွေကနေ ကူးစက်မှုကို သတိထားလာကြပါတယ်။

(Photo: AsianDelight/iStock)

ပညာရှင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ထိတွေ့မှုအပြင် လေထဲကနေပါ ကူးစက်နိုင်ရာ သန့်ရှင်းရေးပစ္စည်းတွေကို အသုံးပြုရုံသာမက mask တပ်ရန်၊ လူစုလူဝေးရှောင်ရန်နဲ့ လေဝင်လေထွက်ကောင်းမွန်တဲ့ နေရာဖြစ်စေရန် သတိပြုကြဖို့လည်း တိုက်တွန်းကြပါတယ်။ ယခုအခါ ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေးတွေရှိလာပြီး နိုင်ငံအသီးသီးမှာ ထိုးပေးနေကြပြီဖြစ်ရာ ကပ်ရောဂါအဆုံးသတ်ရေး မျှော်လင့်ချက် မြင့်တက်လာခဲ့ပါတယ်။

သို့သော် ကာကွယ်ဆေးတွေနဲ့အတူ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေလည်း ပေါ်ထွက်လာနေရာ COVID-19 ကပ်ရောဂါက တစ်ကမ္ဘာလုံးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် ဆက်ရှိနေနိုင်သေးတာကြောင့် အိမ်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုး ရောင်းအားဆက်လက်ကောင်းနေလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

Source: Financial Times


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က