• မိဘရဲ့ နားလည်ပံ့ပိုးမှုနဲ့ ဖြစ်ချင်တာအားလုံးအကောင်အထည်‌ဖော်ခွင့်ရနေတဲ့ Tomboy လေး

မိဘအသိုင်းအဝိုင်းတော်တော်များများ ကိုယ့်မိသားစုထဲမှာ LGBT ရှိနေတာကို လက်မခံနိုင်ကြတာများပါတယ်။
[Zawgyi Version]

ဘယ်လောက်ပဲ ခေတ်မီလာပါတယ်ပြောပြော ကိုယ့်မိသားစုထဲမှာ LGBT တစ်ယောက်ပါနေပြီဆိုရင် လက်သင့်မခံနိုင်ကြတဲ့ မိဘတွေများပါတယ်။ ဒီနေ့ ပြောပြပေးမယ့်သူရဲ့ အကြောင်းကတော့ ကိုယ့်ဖြစ်တည်မှုကို လိုလိုလားလား လက်ခံကျေနပ်ပေးတဲ့ အသိုင်းအဝိုင်းကြားမှာ ကြီးပြင်းခွင့်ရခဲ့တဲ့ တက်တူးပညာရှင်လေး Bunny အကြောင်းပါ။ 

LGBT တစ်ယောက်အတွက် မိဘတွေရဲ့ ပံ့ပိုးကူညီမှုက အရမ်းအရေးကြီးပါတယ် 

LGBT တွေရဲ့ ဘဝမှာ အကြီးမားဆုံး အခက်အခဲကတော့ သူစိမ်းထက် ကိုယ့်မိသားစုရဲ့ ဖယ်ကြဉ်မှုဖြစ်နေတာများပါတယ်။ ကိုယ့်ဖြစ်တည်မှုကို လက်မခံဘဲ အတင်းကာရော ယောကျာ်းအဖြစ်မွေးဖွားလာသူက ယောကျာ်းလို နေကိုနေရမယ်၊ မိန်းမအဖြစ်မွေးဖွားလာသူကလည်း မိန်းမလို နေကိုနေရမယ်ဆိုတဲ့ ဖိအားပေးမှုတွေက LGBT တွေကို ပိုပြီး စိတ်အနာတရဖြစ်စေပါတယ်။ မိဘတိုင်းက ကိုယ့်သားသမီးရဲ့ ဖြစ်တည်မှုကို လက်ခံပေးမှသာလျှင် သူတို့ရဲ့ အနာဂတ်က လှပစေနိုင်မှာဖြစ်ပါတယ်။

မိဘရဲ့ ပံ့ပိုးကူညီမှုကြောင့် ငယ်ရွယ်စဉ်အချိန်မှာပဲ ကိုယ်ပိုင်စီးပွားရေးပိုင်ဆိုင်လာခဲ့တဲ့ Bunny 

Bunny လေးဟာ မိဘကို ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံပြီး ကိုယ်ဘာဖြစ်ချင်သလဲဆိုတဲ့ အရာအပေါ်မှာသာ ပံ့ပိုးပေးခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ်မှာပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ Bunny ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအဖြစ် တက်တူးထိုးတဲ့ လုပ်ငန်း ၊ နှာခေါင်းချက် အပေါက်ဖောက်လုပ်ငန်း ၊ ဖန်စီဖက်ရှင်ပစ္စည်းဆိုင် နဲ့ အွန်လိုင်းရှော့ပင်းတို့ကို ပိုင်ဆိုင်ထားသူ ဆယ်ကျော်သက်လူငယ်လေးတစ်ဦးဖြစ်ပါတယ်။ 

ဒီလိုပိုင်ဆိုင်ဖို့အတွက် သူကြိုးစားရုန်းကန်ခဲ့တာတွေက 

အသက် ၁၉ နှစ်အရွယ်မှာ ဒီလိုမျိုးတွေ ပိုင်ဆိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စတော့လည်း မဟုတ်ပါဘူး။ အသက် ၁၉နှစ်အရွယ်မှာ ကိုယ်ပိုင်တက်တူးဆိုင်ပိုင်ဆိုင်နိုင်ဖို့အတွက် Bunny ဟာ အသက် ၁၁ နှစ်အရွယ်ကတည်းက တက်တူးပညာရပ်ကို စတင်လေ့လာသင်ယူခဲ့သူဖြစ်ပါတယ်။ ကျောင်းစာတစ်ဖက်နဲ့ တက်တူးပညာကို ရတဲ့အားလပ်ချိန်တွေမှာ ရအောင် သင်ယူခဲ့သူတစ်ယောက်ပါ 

အသက် ၁၁ နှစ်အရွယ်မှာ ပြသခဲ့တဲ့ တက်တူးပါရမီ 

အသက် ၁၁ နှစ်အရွယ်မှာ Bunnyလေးက အိမ်က မိဘတွေ အပြင်သွားနေတုန်း ဆိုင်က အလုပ်သမားတွေကို တက်တူးထိုးပေးခဲ့တာကနေစပြီး Bunnyဟာ တက်တူးပညာရပ်ကို စိတ်ဝင်စားပြီး ပါရမီပါသူတစ်ယောက်ဖြစ်ကြောင်း ဖခင်က သတိထားမိသွားတာဖြစ်ပါတယ်။ လက်တည့်စမ်းထိုးတာမျိုးကို မလုပ်ဘဲ သေချာသင်ယူဖို့ ဆုံးမရင် ဖခင်ကိုယ်တိုင် တက်တူးပညာရပ်ကို သင်ပေးခဲ့တာ။ အသက် ၁၁ နှစ်မှာ တက်တူးပညာကိုလေ့လာသင်ယူခဲ့တဲ့ Bunny လေးဟာ ၁၃ နှစ်အရွယ်မှာတော့ ဖခင်ဖြစ်သူထံ တက်တူးလာထိုးတဲ့ Customer တစ်ဦးကို ဖခင်ကိုယ်စား တက်တူးထိုးပေးရင်း စီးပွားဖြစ်တက်တူးထိုးတာကို စတင်နိုင်ခဲ့ပါတယ်။ 

အခုအခါမှာတော့ လက်မလည်နိုင်အောင် ထိုးနေရ 

ဒီလို ငယ်စဉ်အခါထဲက ကြိုးစားသင်ယူခဲ့တဲ့ တက်တူးပညာရှင် Bunny ဟာ အခုအခါမှာတော့ တစ်ရက်ကို ပုံမှန် လေး၊ ငါး ၊ ခြောက်ယောက်လောက်ထိ တက်တူးထိုးပေးနေရပြီဖြစ်ပြီး ပုံကြီးသမားတွေရှိတဲ့ရက်တွေမှာ တစ်ရက်အချိန်ယူထိုးတာ ဒါမှမဟုတ် အချိန်ခွဲထိုးတာမျိုးတွေ လုပ်ပေးနိုင်နေပြီဖြစ်ပါတယ်။ 


“ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံးက ကျွန်တော်ဖြစ်ချင်တာတွေဆိုတာ မရှိဘူး။ ကျွန်တော်တို့သားသမီးတွေ ဘာဖြစ်ချင်လဲ၊ ဖြစ်ချင်တဲ့အပေါ်မှာပဲ မူတည်ပြီး လိုက်လုပ်ပေးတာပဲ။ သူ LGBT ဖြစ်နေလို့ ပတ်ဝန်းကျင်က ဝိုင်းပြောတာတွေလည်း ရှိတာပဲ။ ကလေးကို ဘယ်လိုမထားနဲ့ ။ ကြီးလာရင် ဒုက္ခရောက်မယ်၊ စိုးရိမ်လို့ပြောတာတွေရှိသလို ပြစ်တင်ဝေဖန်တာတွေလည်း ရှိတာပဲ။ ဒါပေမယ့် ကျွန်တော်တို့က သိပ်ပြီးလည်း ဂရုမစိုက်ပါဘူး။ သူနေချင်သလိုနေ သူ့ဖြစ်တည်မှုတိုင်းကို ကျွန်တော်တို့က ကျေနပ်ပါတယ်” လို့ Bunny ရဲ့ ဖခင် ကိုရှမ်းလေးက Duwun ကိုပြောပါတယ်။ 

“ကျောင်းမှာ ဆရာမတွေပြောတာ ၊ ပတ်ဝန်းကျင်မှာ ပြောကြတာတွေကတော့ အများကြီးကြုံဖူးပါတယ်။ အဓိက ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင်နှစ်သက်ပြီးတော့ ကိုယ့်မိဘတွေ လက်ခံဖို့ကပဲ အရေးကြီးတာပါ။ ကိုယ့်ဘက်က အမြဲရပ်တည်ပေးတဲ့ မိဘတွေရှိနေတော့ ဘယ်သူဘာပြောပြော ဂရုမစိုက်တော့ပါဘူး” လို့ Bunny က Duwun ကိုပြောပါတယ်။



မိသားစုရဲ့ ထောက်တိုင်လေးဖြစ်နေပြီဖြစ်တဲ့ Bunny

“ကျွန်တော့်သား ဒီလိုလေး သူ့ဘာသာသူ အောင်အောင်မြင်မြင်လေး လုပ်နိုင်တဲ့အပေါ်ရော ၊ မိသားစုကို ပြန်လည်ပြီး သိတတ်ပေးတယ်၊ ထောက်ပံ့ပေးတယ်။ အရာရာအစစ မျက်နှာမငယ်အောင် သူ့အမေကအစ ၊ ကျွန်တော်တို့အဆုံး၊ သူ့ညီလေးကအစ အကုန်လုံး ကိုထောက်ပံ့ပေးတယ်၊ အဲဒီအတွက်လည်း အများကြီး ကျေနပ်ပီတိဖြစ်မိပါတယ်။" လို့  Bunny ရဲ့ ဖခင် ကိုရှမ်းလေးက Duwun ကိုပြောပါတယ်။ 

ခုဆိုရင် Bunnyလေးဟာ မိသားစုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ဆယ်ကျော်သက်စီးပွားရေးလုပ်ငန်းရှင်လေးတစ်ဦးဖြစ်နေပါပြီ။ ဒီလို ဖြစ်လာတာကလည်း မိဘရဲ့ ကူညီပံ့ပိုးပေးမှု ၊ ဖြစ်ချင်တာကို မပိတ်ပင်တတ်မှု ၊ ပိတ်လှောင်နေတဲ့ အတွေးအမြင်မရှိမှုတွေကြောင့် ခုလို ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီတော့ ကိုယ့်ရဲ့ သားသမီးတွေမှာ LGBTတွေ ပါဝင်လာခဲ့မယ်ဆိုရင် အတင်းဖိအားပေးပြီး ဖြစ်တည်မှုကိုပြောင်းလဲပစ်လိုက်တာထက်စာရင် သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံပြီး ဖြစ်ချင်တဲ့အရာတွေအပေါ် လမ်းကြောင်းပေး ပံ့ပိုးကူညီပေးတာက အကောင်းဆုံး ဘဝကို ရရှိစေနိုင်ကြောင်း ဆယ်ကျော်သက်တက်တူးပညာရှင် Bunny က သက်သေပြသနိုင်ခဲ့ပါပြီ။ 

Bunny ကို အားပေးချင်တယ်ဆိုရင်တော့ မဟာဘောဂလမ်း၊ စမ်းချောင်း ၊ မြေနီကုန်းမှတ်တိုင်အနီးမှာ သွားရောက် အားပေးလို့ရကြောင်း လမ်းညွှန်ပေးလိုက်ပါရစေ။  

Share

Loading Next Article...